ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Thursday 15 November 2012

လက်ဖက်စိမ်း (Green Tea) ၏ ကျန်းမာရေးအကျိုးကျေးဇူး ၁၀ ရပ်

by nang kha yea on 15.11.2012



ကဖင်းဓာတ်နည်းနည်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း များများပါဝင်တဲ့ လက်ဖက်စိမ်း (Green Tea) ဟာ  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အကြောင်းကတော့ လက်ဖက်စိမ်း (Green Tea) မှာ ပိုလီဖီနောလို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် များများနဲ့ ကတီချင်လို့ခေါ်တဲ့ ဖလေဗိုးနွိုက် ပါဝင်လို့ပါ။


ဒီအင်တီ အောက်ဆီးဒင့်တွေက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ဖယ်ရှားပေးပြီး ဆဲလ်တွေကို သေစေနိုင်ပါတယ်။ တကယ်လို့ ဒီလိုဆိုးကျိုးတွေကို မတွန်းလှန်နိုင်ရင် အရွယ်မတိုင်ခင် အိုမင်းတာ၊ ကင်ဆာဖြစ်တာနဲ့ တခြားရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်နိုင်တဲ့ လက်ဖက်စိမ်း (Green Tea) မှာ အောက်ပါအကျိုးကျေးဇူး ၁၀ မျိုး ရှိနေပါတယ်။

၁) ကိုလက်စထရောကို လျော့ကျစေပါတယ်

အမေရိကန် အာဟာရဂျာနယ်ရဲ့ လေ့လာမှုတစ်ခုအရ နေ့စဉ် လက်ဖက်စိမ်း (Green Tea) တစ်ခွက်သောက်တာက သွေးတွင်း ကိုလက်စထရောအဆင့်ကို အနည်းငယ် လျော့ကျစေတယ်လို့ သိရပါတယ်။ တခြားလေ့လာမှုတစ်ရပ်အရ နေ့စဉ် ၃၇၅ မီလီဂရမ် ပါဝင်တဲ့ လက်ဖက်စိမ်းဆေးတောင့်ကို ၁၂ ပတ်ကြာ မှီဝဲတာက သွေးထဲက မကောင်းတဲ့ ကိုလက်စထရောအဆီ (LDL) အဆင့်ကို သိသိသာသာ လျော့ကျစေတာကို တွေ့ရှိခဲ့ရပါတယ်။ လက်ဖက်စိမ်းမှာ ပါဝင်တဲ့ ကက်တီချင်ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ကို လက်စထရောစုပ်ယူမှုကို ကာကွယ်တားဆီးနိုင်ပြီး ကောင်းတဲ့ ကိုလက်စထရော (HDL) စုပ်ယူမှုကို သိသိသာသာ တိုးစေတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက ယုံကြည်ကြပါတယ်။

၂) ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်

ကိုယ်အလေးချိန်ကို ထိန်းနေသူဖြစ်တယ်ဆိုရင် သင်စားတဲ့ အစားအသောက်ထဲကို လက်ဖက်စိမ်းထည့်သင့်ပါတယ်။ လက်ဖက်စိမ်းဟာ ကိုယ်အလေးချိန်ကို ချက်ချင်းတော့ မလျော့ကျစေပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေနဲ့ တွဲဖက်စားသောက်မယ်ဆိုရင် ကိုယ်အလေးချိန် လျော့ကျအောင် ကူညီနိုင်တယ်လို့ လေ့လာမှုများစွာက သက်သေပြထားပါတယ်။ အကြောင်းကတော့ လက်ဖက်စိမ်းဟာ စွမ်းအင်သုံးစွဲမှုနဲ့ အဆီချေဖျက်မှုတို့ကို တိုးစေတာကြောင့်ပါ။

၃) အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်

အရိုးကျိုးလွယ်တဲ့ အရိုးပါးရောဂါဟာ အမျိုးသားရော အမျိုးသမီးပါ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ ကျန်းမာရေး အခြေအနေပါ။ လက်ဖက်စိမ်းဟာ အရိုးသန်စွမ်းရေးအတွက် ထိရောက်မှုရှိပါတယ်။ အာဟာရ သုတေသနဂျာနယ်ရဲ့လေ့လာမှုတစ်ရပ်အရ အသက် ၆၅ နှစ်နဲ့ ၇၅ နှစ်ကြား လက်ဖက်စိမ်း သောက်သူတွေဟာ မသောက်သူတွေထက် အရိုးသိပ်သည်းဆ ၅ ရာခိုင်နှုန်းပိုများတာကို တွေ့ရှိခဲ့ရပါတယ်။ လက်ဖက်စိမ်းသောက်တာက အရိုးသိပ်သည်းဆကို ကောင်းမွန်စေပြီး အရိုးကျိုးတဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ လက်ဖက်စိမ်းမှာပါတဲ့ ဓာတ်ပစ္စည်းတွေဟာ အရိုးဖြစ်ပေါ်ရေးကို ကောင်းမွန်စေပြီး အရိုးထိခိုက်မကို နှေးကွေးစေတယ်လို့ ဟောင်ကောင်မှ လေ့လာသူတွေက ဆိုပါတယ်။

၎) ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဂျပန်အမျိုးသား ၉၄၀ ကို လေ့လာမှုအရ လက်ဖက်စိမ်းကို မှန်မှန်သောက်သူတွေဟာ  ခံတွင်းကျန်းမာရေး ကောင်းမွန်မှု ရှိတာကို တွေ့ရှိခဲ့ရပါတယ်။ အကြောင်းကတော့ လက်ဖက်စိမ်းမှာပါတဲ့ ကက်တီချင်ဟာ ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေကို သေစေနိုင်လို့ပါ။ ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေဟာ အစားအသောက်ထဲက သကြားဓာတ်ကို သွားချေးဖတ်တွေ ဖြစ်စေပါတယ်။ သွားချေးဖတ်ဟာ အက်ဆစ် အထွက်တိုးစေပြီး သွားပိုးစားစေနိုင်ပါတယ်။ ကက်တီချင်တွေက ခံတွင်းအနံ့ ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေပါတယ်။

၅) ပါကင်ဆန်ရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်

၂၀၁၂ လေ့လာမှုအရ ဖရီးရယ်ဒီကယ်တွေက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ တိုးစေကြောင်းသိရပါတယ်။ အဲဒီ ဖရီးရယ်ဒီကယ်တွေကို လက်ဖက်စိမ်းထဲရှိ ပိုလီဖီနောက တွန်းလှန်ပေးနိုင်တာကြောင့်ပါ။ ပိုလီဖီနောဟာ ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့ ပရိုတင်းဓာတ် တည်ဆောက်မှုကို ကာကွယ်ပေးနိုင်ပြီး မှတ်ဉာဏ်ဆုံးရှုံးမှုမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။


၆) အသားအရေကို ကာကွယ်ပေးပါတယ်

လက်ဖက်စိမ်း Green Tea) ကို ပုံမှန်သောက်တာနဲ့ အရေပြားပေါ်ကို လက်ဖက်အိတ် ကပ်ပေးတာက အရေပြားမှာ ခရမ်းလွန်ရောင်ခြည်ကြောင့် နေလောင်ဒဏ်ရတာကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အာဟာရဂျာနယ်ရဲ့ လတ်တလော လေ့လာမှုအရ တစ်နေ့ လက်ဖက်စိမ်းကို တစ်နေ့ခြောက်ခွက်သောက်သူတွေဟာ မသောက်သူတွေထက် အရေပြား နီမြန်းမှုဖြစ်နှုန်းကို သိသိသာသာ လျော့ကျမှုရှိကြောင်း တွေ့ရတယ်လို့ ဂျာမန်သုတေသီတွေက ဆိုပါတယ်။

၇) ကင်ဆာရောဂါတချို့ ကို တွန်းလှန်နိုင်ပါတယ်

လေ့လာမှုများစွာအရ လက်ဖက်စိမ်းဟာ ကင်ဆာရောဂါတချို့ကို ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။ လက်ဖက်စိမ်းမှာ မမျိုးဥ အိမ်ကင်ဆာ၊ ဆီးအိတ်ကင်ဆာနဲ့ အစာရေမျိုပြွန်ကင်ဆာတို့ကို ကာကွယ်နိုင်စွမ်းရှိတယ်လို့ လေ့လာသူ Moore က ရှင်းပြပါတယ်။ လက်ဖက်စိမ်းနဲ့ လက်ဖက်စိမ်းအနှစ်တွေက ရင်သားကင်ဆာပျံ့နှံ့တဲ့ အန္တရာယ်ကို လျော့ကျစေပြီး ရင်သားကင်ဆာဖြစ်နှုန်းကို လျှော့ချ ပေးနိုင်စွမ်း ရှိပါတယ်။

၈) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ်

လက်ဖက်စိမ်းကို သောက်တာက ဆီးချိုသွေးချို ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ တစ်နေ့မှာ လက်ဖက်စိမ်း ခြောက်ခွက်နဲ့ အထက်သောက်တဲ့ ဂျပန်လူမျိုးတွေက တစ်နေ့ တစ်ခွက်အောက်လျော့သောက်တဲ့ သူတွေထက် အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို၃၃ရာခိုင်နှုန်းလျော့ကျစေတယ်လို့ တွေ့ရပါတယ်။ လက်ဖက်စိမ်းဟာ ဆီးချို အကြိုရောဂါ ဖြစ်နေသူတွေမှာ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတယ်လို့လည်း လေ့လာမှုငယ်တွေအရ သိရပါတယ်။


၉) နှလုံးရောဂါထတာ (Heart Attack) မဖြစ်အောင် ကာကွယ်ပေးပါတယ်

လူဦးရေအများစုကို အခြေခံတဲ့ လေ့လာမှုတွေအရ လက်ဖက်စိမ်း လက်ဖက်ရည်ကို သောက်တာက နှလုံးရောဂါထနိုင်ခြေကို ၁၁ ရာခိုင်နှုန်းနဲ့ အထက် လျော့ကျစေနိုင်ကြောင်း သိရပါတယ်။ မေရီလန်းဆေးတက္ကသိုလ်ရဲ့ လေ့လာမှုအရ လက်ဖက်စိမ်းဟာ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ နှလုံးသွေးကြော မာတောင့်မှုတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

၁ဝ) စွမ်းအင်ကို တိုးစေပါတယ်

လက်ဖက်စိမ်းဟာ စွမ်းအင်အဆင့်ကို တိုးစေနိုင်တယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။ လက်ဖက်စိမ်းမှာ ကဖင်းဓာတ်အနည်းငယ် ပါဝင်လို့ပါ။ တစ်နေ့လက်ဖက်စိမ်းလေးခွက်နဲ့ ၁၂ ပတ်ကြာသောက်သုံးတဲ့ အားကစားသမားတွေ မှာသက်လုံအဆင့် ၈-၁၂ ရာခိုင်နှုန်း တိုးမြင့်မှုရှိတာကို တွေ့ရတယ်လို့ ဂျပန်လေ့လာသူတွေက ဆိုထားပါတယ်။

 ဇွန်
Ref: Good Health
http://news.yatanarpon.com.mm/cp/goodhealth/article-50818

No comments:

Post a Comment