ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Saturday 24 November 2012

ခြေတစ်လှမ်းအတွက် အံကြိတ်မလှမ်းရစေဖို့

by nang kha yea on 24.11.2012


ခြေဖနောင့်ကွဲအက်ခြင်း အကြောင်းရင်း
ဒါဟာ အဖြစ်များတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ အရေပြား အလွန်အမင်း ခြောက်သွေ့ခြင်းကြောင့်ဖြစ်ရတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ ခြောက်သွေ့တဲ့ ရာသီဥတုမှာ နေရတယ်ဆိုရင်လည်း ပျိုတို့ရဲ့ ဖနောင့်ဟာ အက်ကွဲဖို့ အသာမပူရအောင် တာစူနေမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံတော့ ဟေမာန်ရင်ခွင်ရဲ့ နှင်းရှိုက်သံတွေကြားမှာ အက်ကွဲခြင်းတို့ဟာ သန္ဓေတည်လာ တတ်ပါတယ်။


အက်ကွဲကြောင်းတွေဟာ ပိုပြီး အရာထင်မှု နက်ရှိုင်းလာခဲ့ရင် အခြေအနေ ပိုဆိုးလာပြီ ဖြစ်ပါတယ်။ လူအတော်များများဟာ အခြေအနေဆိုးတဲ့ စိုးရိမ်ရေမှတ်ရောက်မှ မျက်ကလူးဆန်ပြာနဲ့ ကုသမှုခံယူဖို့ စိုင်းပြင်းလာလေ့ရှိပါတယ်။ တော်ရုံအက်ကွဲမှု ဖနောင့်ကိုတော့ ဘောက်ဆတ်ဆတ်နင်းပြီး လျှောက်လှမ်းလို့ နေလေ့ရှိပါတယ်။ ဖနောင့်အက်ကွဲရတဲ့ အကြောင်းရင်းအလိုက် ကုသမှုခံယူတာဟာ အနာရဲ့ဆေး အမြန်ဖူးစာဆုံနိုင်စေဖို့ပဲ ဖြစ်ပါတယ်။

ဖနောင့်ဟာ ပွတ်တိုက်မှုများခြင်း၊ ခြောက်သွေ့မှုများခြင်း၊ ဖနောင့်ရှိ အရေပြား မာမာထူထူများဟာ အချိန်ရှိသရွေ့ ပွတ်တိုက်မှုခံနေရခြင်း၊ ဖိအားခံနေရခြင်း၊ လမ်းလျှောက်ပုံ၊ လမ်းလျှောက်နည်း မှန်ကန်မှုမရှိခြင်း၊ ဆီးချိုရှိနေခြင်း၊ ယားနာရှိနေခြင်း၊ ဝန်ပိုပစ္စည်းများ မကြာခဏ သယ်ဆောင်ရလေ့ရှိခြင်း၊ ဖုန်မှုန့်သဲများနှင့် ထိတွေ့မှုများခြင်း၊ သွေးလည်ပတ်စီးဆင်းမှု အားနည်းခြင်း၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အချိန်ကြာညောင်းစွာ ရပ်နေရခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။


ဘယ်လိုကုသမလဲ
အထိရောက်ဆုံး ကုသနည်းကတော့ ခြေထောက်ကို moisturizer လိမ်းပြီး ခြေအိတ် စွပ်ထားတာပဲ ဖြစ်ပါတယ်။ မအိပ်ခင်လည်း ဆီလိမ်းပြီး ခြေအိတ်ထူထူလေး ဝတ်ပေးသင့် ပါတယ်။ လိမ်းဆီအဖြစ် အလွယ်ဆုံးနဲ့ ဈေးအပေါဆုံးဆီကတော့ အုန်းဆီပဲဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ သင်္ဘောသီးကိုချေပြီး ခြေထောက်ကို ပွတ်သပ်လိမ်းကျံပေးဖို့ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးလိုပဲ နာနတ်သီးကို အစားထိုး အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ သင်္ဘောသီးက ပိုပြီးကောင်းပါတယ်။

ပျားရည်နဲ့နွားနို့ သုံးပြီးတော့လည်း ခြေဖနောင့်အက်တာကို ကုသနိုင်ပါတယ်။ ပျားရည် တစ်ခွက်၊ နွားနို့နှစ်ခွက်ရောပြီး ခြေထောက်ကို စိမ်ပေးရမှာ ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့် စိမ်ပေးပြီး ခြေထောက်ကို နှိပ်နယ်ပေးပါ။ ခြေဖနောင့်ကွဲနေစဉ်မှာ တကယ်လို့ ဖြစ်နိုင်ရင် ရေကိုနေ့စဉ်မချိုးပါနဲ့။ တစ်နေ့ကို တစ်ကြိမ်ထက်လည်း ပိုမချိုးမိစေပါနဲ့။ ရေချိုးရင်လည်း စိမ်ပြီးမချိုးပါနဲ့။ ခပ်သုတ်သုတ်လေး ချိုးပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပြင်ပရှိ ရေတွေဟာ ကိုယ်ခန္ဓာပေါ်ရှိ အစိုဓာတ်များကို ဆေးကြောသွားပြီး အစိုဓာတ်ကို ပြန့်လွှင့်စေလို့ဖြစ်ပါတယ်။ ခြေဖနောင့်ကွဲတာဟာ အရမ်းပြင်းထန်နေတယ်ဆိုရင် ခြေတုံးလုံးနဲ့ လမ်းလျှောက်ခြင်းကို လုံးဝရှောင်ရှားပေးရမှာ ဖြစ်ပါတယ်။

ငှက်ပျောသီး မှည့်မှည့်ပျော်ပျော်ကို ခြေဖနောင့်ကွဲတဲ့နေရာမှာ ပွတ်သပ်လိမ်းပေး နိုင်ပါတယ်။ ဆယ်မိနစ်ခန့် လိမ်းပေးပြီးမှ ရေနဲ့ပြန်ဆေးကြော ပေးရပါမယ်။ လီမွန်ရည်ကို ရေနဲ့ရောပြီး ခြေထောက်ကို စိမ်ပေးပါ။ ဒီနည်းကိုတော့ တစ်ပတ်တစ်ခါ ပြုလုပ်ပေးပါ။ နေ့စဉ် ပြုလုပ်ပေးရမယ့်နည်းကတော့ ဆပ်ပြာစိမ်ထားတဲ့ ရေနွေးနွေးထဲမှာ ခြေထောက်ကို ၁၅ မိနစ်ခန့် စိမ်ပေးရမှာ ဖြစ်ပါတယ်။ အိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။


ဘယ်လိုကာကွယ်မလဲ
ဖြစ်နိုင်ရင် ကြိုတင်ကာကွယ်ထားတာ ပိုပြီးကောင်းမွန်ပါတယ်။ ခြေဖနောင့် ကွဲအက်ခြင်း ဟာ ကိုယ်တွင်းရှိ အာဟာရဓာတ်များ ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစားအသောက်နည်းခြင်း၊ ခန္ဓာကိုယ်က လိုအပ်တဲ့ ဇင့်ဓာတ်မရရှိခြင်း၊ မရှိမဖြစ် အိုမီဂါ-၃ အက်ဆစ် ချို့တဲ့ခြင်းတို့ကြောင့် ခြေဖနောင့်ဟာ အက်ကွဲရတတ်ပါတယ်။ ယင်းဓာတ်များ ချို့တဲ့ပါက ခြေဖနောင့်အက်ကွဲခြင်းအပြင် တခြားသော အသားရည် ခြောက်သွေ့ခြင်းများ ပါ ဖြစ်ပေါ်လာတတ်ပါတယ်။

ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်များဖြစ်တဲ့ ပင်လယ်ခရု၊ ကြက်သား၊ ပဲ၊ ထောပတ်၊ ဒိန်ချဉ်နဲ့ ငါးတို့ကို စားသောက်ပေးရပါမယ်။ တခြား အရေးကြီးတဲ့ ဗီတာမင်များနဲ့ သတ္တုဓာတ်များကတော့ ဗီတာမင်အီး၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်များကို ပြည့်ဝအောင် ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။ ဗီတာမင်အီးကို အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ ဂျုံထွက်ပစ္စည်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကယ်လ်စီယမ်ဓာတ်ကိုတော့ နို့ထွက်ပစ္စည်း တွေမှာ အဓိက တွေ့ရှိနိုင်ပါတယ်။

လူတော်တော်များများဟာ ကယ်လ်စီယမ်ဓာတ် ပြည့်ဝနေပေမယ့် မဂ္ဂနီဆီယမ် ဓာတ်ကျတော့ ချို့တဲ့နေတတ်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ပြည့်ဝမှ ကယ်လ်စီယမ်ဓာတ်ကို အပြည့်အဝ စုပ်ယူအသုံးချနိုင်မှာ ဖြစ်ပါတယ်။ အာဟာရနဲ့ ဗီတာမင်ဓာတ်တွေပြည့်ဝအောင် စားသုံးပေးရုံမက အောက်ပါအချက်များကိုလည်း ဂရုတစိုက်နဲ့ လိုက်နာဆင်ခြင်ရင်ဖြင့် ခြေဖနောင့်အက်ကွဲခြင်းကို အထိရောက်ဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ခြေထောက်ကို အမြဲသန့်ရှင်းစင်ကြယ်နေစေရန် ဂရုစိုက်ပါ။

ခြေထောက်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါ။ ခြေထောက်ပိုင်း သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။ နေ့စဉ် ခြေထောက်သန့်ရှင်းရေးနဲ့ Moisturize ဖြစ်စေဖို့ ထိန်းသိမ်းပါ။ ခြေထောက်ကို ရေနွေးနဲ့တစ်လှည့်၊ ရေအေးနဲ့တစ်လှည့် စိမ်ပေးပါ။ ရေချိုးပြီးတိုင်း ခြေထောက်ကို Moisturizer နဲ့ ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။

အရေပြား ခြောက်သွေ့အက်ကွဲခြင်းများသည် ခန္ဓာကိုယ်ရှိ ရေဓာတ်လုံလောက်ပြည့်ဝမှု မရှိခြင်းကြောင့်လည်း ဖြစ်ပေရာ ရေဓာတ်ပြည့်ဝနေစေရန် သောက်သုံးထားပေးရပါမယ်။ ဒီလောက်ဆို ခြေတစ်လှမ်းအတွက် အရေးမသန်းတော့ဘဲ မနှေးလှမ်းနိုင်ပြီပေါ့နော်။
Ref: 8 Days

No comments:

Post a Comment