ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Thursday 22 November 2012

ကျန်းမာစွာ ဝိတ် လျှော့ချနိုင်ဖို့ စားသောက်နည်းများ

by nang kha yea on 22.11.2012


ကျန်းမာရေးကောင်းဖို့ အစာအုပ်စုကြီး ငါးခုကနေ အစားအစာတွေကို စားပေးဖို့ လိုပါတယ်။ ဒီအစားအစာတွေကို အချိုးညီညီ စားပေးတာဟာ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်များနေလို့ ချသင့်ပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် အဆီများတဲ့ အစားအစာတွေအစား အဆီနည်းတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်စတာတွေ စားပေးတာလိုမျိုး လွယ်ကူတဲ့ နည်းလမ်းတွေကို လိုက်နာရမှာပါ။


အစာအုပ်စု (၁)
အသား၊ ငါးနှင့် တခြားအသားဓာတ်
အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးတွေဟာ ကြီးထွားဖို့နဲ့ ပြန်လည်ပြုပြင်ဖို့အတွက် အသားဓာတ်ကို ပေးပါတယ်။ အသားလို အသားဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေမှာ သံဓာတ်၊ ဆီလီနီယမ်ဓာတ်၊ သွပ်ဓာတ်နဲ့ ဗီတာမင်ဘီများစွာ ပါဝင်ပါတယ်။ အသားဓာတ်ဟာ စားချင်တဲ့ဆန္ဒကို လျော့ကျစေပါတယ်။ အသားဓာတ်ရယူတဲ့အခါ အဆီကနေ ကယ်လိုရီရယူမှုလျော့နည်းအောင် အရေခွံမပါတဲ့ ကြက်သား၊ အဆီမပါတဲ့ ဝက်နဲ့ အမဲသား စတာတွေကိုစားပါ။ တစ်ပတ်မှာ ငါးကို နှစ်ကြိမ်စားပါ။ နေ့တိုင်း အသားဓာတ်ပေါကြွယ်ဝတဲ့ အစားအစာကို နှစ်ကြိမ်စားပေးသင့်ပါတယ်။ တစ်ကြိမ်ဟာ ဖဲချပ်အရွယ်အသား ဒါမှမဟုတ် ငါး၊ ဒါမှမဟုတ် ဥနှစ်လုံး၊ ဒါမှမဟုတ် ပဲထမင်းစားဇွန်း လေးဇွန်းနဲ့ ညီမျှပါတယ်။

အစာအုပ်စု (၂)
ပေါင်မုန့်၊ ကွေကာနှင့် အာလူး
ပေါင်မုန့်၊ အာလူး၊ ထမင်းနဲ့ နံနက်စာကွေကာလို ကာဗိုဟိုက်ဒရိတ်ပေါကြွယ်ဝတဲ့ အစားအစာတွေဟာ သံဓာတ်နဲ့ ဗီတာမင်ဘီ အပါအဝင် အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ကစီဓာတ်များတဲ့ အစားအစာတွေမှာ နေ့စဉ်စွမ်းအင်လိုအပ်ချက်ရဲ့ သုံးပုံတစ်ပုံကျော် ပါဝင်ပါတယ်။ အရေးကြီးတာက အခွံချွတ်မထားတဲ့ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစားအစာတွေကို ရွေးဖို့ပါ။ ဒါဆိုရင် ကြာရှည်ဗိုက်ပြည့်နေပြီး ဆာလောင်မှုကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။ မျှတတဲ့အစားအသောက်မှာ တစ်နေ့ကို ကစီဓာတ်များတဲ့အစာ ငါးကြိမ်စားဖို့ ဖော်ပြထားပါတယ်။ တစ်ကြိမ်ဟာ နံနက်စာကွေကာ ထမင်းစားဇွန်းသုံးဇွန်း ဒါမှမဟုတ် ပေါင်မုန့်ကြီးတစ်ချပ် ဒါမှမဟုတ် ခေါက်ဆွဲ ထမင်းစားဇွန်းသုံးဇွန်းအပြည့် ဒါမှမဟုတ် ထမင်း ထမင်းစားဇွန်းနှစ်ဇွန်းအပြည့်နဲ့ ညီပါတယ်။

အစာအုပ်စု (၃)
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်ပြီး ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။ ဒါကြောင့် လူတိုင်းဟာ နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို ငါးကြိမ် စားနိုင်အောင် ကြိုးစားသင့်ပါတယ်။ တစ်ကြိမ်ဟာ ပဲသီး၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း စတဲ့ ဟင်းသီးဟင်းရွက် ထမင်းစားဇွန်းနှစ်ဇွန်း ဒါမှမဟုတ် သစ်တော်သီး၊ လိမ္မော်သီး၊ ပန်းသီး စတဲ့ အသီးတစ်လုံး ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်ဖန်ခွက် ဒါမှမဟုတ် သစ်သီးခြောက် လက်တစ်ဆုပ်စာနဲ့ ညီမျှပါတယ်။


အစာအုပ်စု (၄)
နို့နှင့် နို့ထွက်ပစ္စည်းများ
နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ် စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အသားဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ အပြင် ကယ်လ်စီယမ်ဓာတ်ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ သင့်အစားအစာထဲမှာ ကယ်လိုရီပမာဏကို လျှော့ချနိုင်အောင် အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းကိုရွေးပါ။ တစ်နေ့မှာ နို့ထွက်ပစ္စည်း အနည်းဆုံးတစ်ကြိမ်တော့ ပါဝင်သင့်ပါတယ်။ တစ်ကြိမ်ဟာ နွားနို့ဖန်ခွက်အလတ် တစ်ခွက် ဒါမှမဟုတ် ဒိန်ချဉ်အိုးသေးတစ်လုံး ဒါမှမဟုတ် ဒိန်ခဲမီးခြစ်ဆံဘူးသေး တစ်ဘူးစာနဲ့ ညီမျှပါတယ်။


အစာအုပ်စု (၅)
အဆီနှင့် သကြားပါ အစားအစာ
ကိတ်မုန့်၊ ဘီစကွက်မုန့်၊ ခရင်မ်ပါမုန့်တွေ၊ ဆီတွေ၊ သကြားပါတဲ့ အချိုရည်တွေနဲ့ အရက်တွေဟာ ကယ်လိုရီပမာဏများစွာ ပါဝင်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်လို အာဟာရပါဝင်မှုနည်းပါတယ်။ ဒီအစားအစာတွေကိုတော့ ခန္ဓာကိုယ်သွယ်လျလိုသူတို့ အနေနဲ့ တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ သကြားနဲ့ အဆီအအိမ့်ပါတဲ့ မုန့်တွေအစား သစ်သီး၊ အဆီမပါဒိန်ချဉ်၊ ပေါင်မုန့်ညိုတစ်ချပ်ကို စားပါ။ အချိုရည်အစား ရေနဲ့ အဆီနည်း နွားနို့သောက်ပါ။ အစားအသောက်တွေ ပြင်ဆင်တဲ့အခါ အဆင်သင့်အစားအသောက်တွေ ဝယ်တဲ့အခါ ဆားပမာဏနည်းတာကို ရွေးချယ်ပါ။
Ref: Good Health

No comments:

Post a Comment