ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Monday 3 February 2014

မျက်ဝန်းလှလှ မညိုရလေအောင်

by #ပိုပိုဇော်(သဘာဝအားအင်)February 4, 2014 at 10:05am

လူတိုင်းလိုလို ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို မျက်ကွင်းညိုတတ်ပါတယ်။မျက်ကွင်းညိုတာ အများစုက ယာယီဖြစ်ပြီး ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် မျက်ကွင်းညိုတဲ့အခါမှာ သင့်ကို ပင်ပန်းနေတယ်၊ မကျန်းမာဘူး.. အဲဒီလို ထင်ရစေပါတယ်။ ဒါ့အပြင် မျက်ကွင်းညိုတာကြောင့် ရှိရင်းစွဲ အသက်ထက် ပိုကြီးနေသယောင် ထင်ရစေပါတယ်။

မျက်ကွင်းညိုသော အကြောင်းများ

မျက်ခွံအရေပြားက ပါးပြီး ခန္ဓာကိုယ်ရဲ့တခြား အစိတ်အပိုင်းတွေနဲ့ ယှဉ်ရင် အဆီအက်စစ် နည်းနည်းပဲ ပါဝင်ပါတယ်။ အရေပြား မျက်နှာပြင်နဲ့ နီးကပ်နေတဲ့ သွေးကြောကြီးတွေကနေ သွေးတွေ ဖြတ်သွားတဲ့အခါ မျက်ဝန်းအရေပြားက ညိုလာပါတယ်။

(၁) မျိုးရိုးဗီဇ 

မျက်ကွင်းညိုတာက မျိုးရိုးလိုက်တတ်ပါတယ်။ သင့်မိသားစုဝင် အများစုမှာ မျက်ကွင်းညိုတတ်ရင် သင့်အနေနဲ့လည်း မျက်ကွင်းညိုနိုင်ခြေ များပါတယ်။ သင့်အသားအရောင်က ဖျော့နေပြီး မျက်ဝန်းအောက်က အရေပြားက အလွန်ပါးနေရင် မျက်ကွင်းညိုတာက သိသာနေနိုင်ပါတယ်။

(၂) အိုမင်းခြင်း 

အသက်ကြီးလာတဲ့အခါ မျက်ဝန်းအောက်က အရေပြားက ပါးလာပြီး သေးငယ်တဲ့ ဆံခြည်မျှင် သွေးကြောလေးတွေတောင် သိသာလာတတ်ပါတယ်။ အဲဒီအခါ မျက်ကွင်းညိုတာကလည်း သိသာလာပါတယ်။

(၃) အိပ်စက်ခြင်း

လဲလျောင်းအိပ်စက်တဲ့အခါ အောက်မျက်ခွံထဲက အရည်တွေဟာ ကမ္ဘာမြေဆွဲအားကြောင့် စုသွားပြီး မျက်လုံးအိတ် ဖောင်းလာတတ်ပါတယ်။ အိပ်ရေးပျက်ရင်တော့ မျက်ဝန်းအောက်က သွေးပြန်ကြောတွေဟာ သွေးတွေနဲ့ ပြည့်လာပြီး မျက်ကွင်းညိုတာ ဖြစ်တတ်ပါတယ်။

(၄)ဓာတ်မတည့်မှု

နှင်းခူလို အရေပြားရောဂါနဲ့ အရေပြား ဓာတ်မတည့်မှုတွေကို နာတာရှည် ခံစားနေရရင် မျက်ကွင်းညိုတတ်ပါတယ်။ ဓာတ်မတည့်မှု အများစုဟာ မျက်ကွင်းညိုတာနဲ့ ယားယံတာတွေကို ဖြစ်စေနိုင်ပါတယ်။ မျက်လုံးကို ပွတ်တာနဲ့ ကုတ်ခြစ်တာကြောင့်လည်း မျက်ကွင်းညိုစေပါတယ်။

(၅) အာဟာရ

စားတဲ့ အစားအသောက်ထဲမှာ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးတာကြောင့်လည်း မျက်ကွင်းညိုရတတ်ပါတယ်။ ရေဓာတ် ခန်းခြောက်မှုကြောင့်လည်း မျက်ကွင်းညိုတတ်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။

(၆) ကိုယ်ဝန်ဆောင်ခြင်းနှင့် ရာသီလာခြင်း

ကိုယ်ဝန်ဆောင်ချိန်နဲ့ ရာသီလာချိန် အတောအတွင်းမှာ အရေပြားဟာ ပါးလာတာကြောင့် မျက်ကွင်းညိုတတ်ပါတယ်။

မျက်ကွင်းညိုခြင်း ကင်းဝေးစေရန်
  1. ရေကို များများသောက်ပါ။ ရေဓာတ်ခန်းခြောက်ရင် အရေပြားဟာ ခြောက်သွေ့နေတတ်ပါတယ်။
  2. နေရောင်ကာခရင်မ်လိမ်းပါ။ အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်အောင် နေရောင်ကာနိုင်စွမ်း (SPF) ၁၅ ဆ အနည်းဆုံး ပါတာကို ရွေးလိမ်းပါ။
  3. အင်တီအောက်ဆီးဒင့် ပေါကြွယ်ဝစွာ ပါဝင်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။
  4. အိပ်တဲ့အခါ ဦးခေါင်းကို အနည်းငယ်မြှင့်ပြီး အိပ်ပါ။ အဲဒီအခါ အောက်မျက်ခမ်းဆီ အရည်စုပုံရောက်ရှိမှု လျော့နည်းစေပါတယ်။ အိပ်ချိန် ရှစ်နာရီပေးပြီး အိပ်ရေးဝအောင် အိပ်ပါ။
  5. မျက်လုံးကို လုံးဝ မပွတ်ပါနဲ့။ မကုတ်ပါနဲ့။ မျက်နှာအရေပြားကို ညင်ညင်သာသာ နှိပ်နယ်ပေးတာဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အနားယူပြီး တရားထိုင်ပါ။
ညိုနေသော မျက်ကွင်းကို ဖုံးကွယ်ရအောင်

ကွန်ဆဲလ်လာ (Concealer) ဟာ မျက်ကွင်းညိုတာကို ထိထိရောက်ရောက် ဖုံးအုပ်ပေးနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းပါ။ မျက်ကွင်းညိုတာကို ဖုံးကွယ်ဖို့ ဖျော့တော့လွန်းတဲ့ ကွန်ဆဲလ်လာအရောင်ကို မသုံးပါနဲ့။ သင့်အသားအရေနဲ့ အသားအရောင်ပေါ် မူတည်ပြီး မသိသာတဲ့ အရောင်မျိုးကို ရွေးပါ။ တာရှည် မျက်ကွင်းညိုနေတာကို ကုသနိုင်ဖို့ alpha- hydroxy acid နဲ့ ဗီတာမင်စီ၊ ဗီတာမင်ကေတို့ ပါဝင်တဲ့ ခရင်မ်ကို လိမ်းပေးပါ။ မျက်ကွင်းညိုတာ လျော့ပါးသွားပါလိမ့်မယ်။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
photo copy from google search
originally posted by Good Health
Source: http://news.yatanarpon.com.mm/news/news-6704

No comments:

Post a Comment