ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Saturday 15 December 2012

နှလုံးကျန်းမာပြီး သက်ရှည်ကျန်းမာစေမည့် နည်းများ

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, December 15, 2012 at 12:33pm


သင့်နှလုံးကျန်းမာရေးအတွက် အောက်ပါနည်းလမ်း ငါးသွယ်ကို လိုက်နာတဲ့အခါ သင့်မှာ အခုထက်ပိုပြီး နုပျိုကာ သက်ရှည်ကျန်းမာစေမယ့် အပိုဆောင်း အကျိုးကျေးဇူးတွေကိုပါ ရရှိမှာ ဖြစ်ပါတယ်။


(၁) ဗီတာမင်စီနှင့် ဗီတာမင်အီးပေါင်းစပ်မှီဝဲပါ

ဗီတာမင်စီနဲ့ ဗီတာမင်အီးကို သီးခြားစီခွဲပြီး မှီဝဲရင်လည်း သူ့တို့မှာ အာနိသင် အသီးသီး ရှိပါတယ်။ ဗီတာမင်စီကိုမှီဝဲရင် ရောဂါနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့ အခြေအနေတွေကို တွန်းလှန်ပေးပြီး ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပါတယ်။ ဗီတာမင်အီးက အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေရဲ့ ကျူးကျော်မှုကို တွန်းလှန်ပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ အင်တီအောက်ဆီးဒင့် အစွမ်းမရှိရင် ဖရီးရယ်ဒီကယ်တွေက ခန္ဓာကိုယ်ကို ထိခိုက်မှုဖြစ်စေပြီး ရောဂါအဆင့်အထိ ဖြစ်လာနိုင်ပါတယ်။ ဗီတာမင်စီနဲ့ ဗီတာမင်အီးကို ပေါင်းစပ်မှီဝဲလိုက်ရင် ပိုမိုကောင်းမွန်တဲ့ အလုပ်ကို လုပ်လာပါလိမ့်မယ်။ ဗီတာမင်စီက ဆဲလ်တွေရဲ့ အရည်အစိတ်အပိုင်းကို ကာကွယ်ပေးပြီး ဗီတာမင်အီးက အဆီအစိတ်အပိုင်းကို အကာအကွယ်ပေးပါတယ်။ ဒါကြောင့် ဒီဗီတာမင် နှစ်မျိုးကို ပေါင်းစပ်မှီဝဲတဲ့အတွက် ကင်ဆာ မဖြစ်အောင် တွန်းလှန်ကာ ဆဲလ်နဲ့ သွေးကြောထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးတဲ့ နည်းနဲ့ခန္ဓာကိုယ်ကို ပိုမို ကျန်းမာသက်ရှည်စေတာပဲ ဖြစ်ပါတယ်။

Tip!

ဗီတာမင် စီနဲ့ အီးကို ပေါင်းစပ် မှီဝဲပေးတာကြောင့် လူ့သက်တမ်းကို တစ်နှစ်ထပ်တိုးလာစေတယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

(၂) ပိုသေးသော ထမင်းပန်းကန်ကိုသုံးပြီး အတိုင်းအတာ လျှော့စားပါ

ပြင်သစ် အစားအသောက်တွေမှာ အဆီပါဝင်မှု မြင့်မားရင်တောင်မှ အဝလွန်တဲ့နှုန်းဟာ အမေရိကန်မှာထက် သုံးပုံနှစ်ပုံခန့် လျော့နည်းနေပါတယ်။ လေ့လာမှုအသစ်အရ အမေရိကန်လူမျိုးတွေက ပန်းကန်ပြား အရွယ်အစား ၁၁ လက်မ၊ ၁၃ လက်မခန့်ကို ကိုင်ပြီး စားနေချိန်မှာ ပြင်သစ်လူမျိုးတွေက ၉ လက်မအရွယ်ရှိ ပန်းကန်ပြားနဲ့ စားလေ့ရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ သင့်ပန်းကန်ထဲက အစာကို လျှော့ပြီး စားပေးနိုင်သလို ပိုသေးတဲ့ ပန်းကန်ကိုသုံးပြီး လျှော့စားတာမျိုး လုပ်ရင် ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ ရလဒ်အနေနဲ့ အစာကို ပိုလျော့စားဖြစ်ကာ ကိုယ်အလေးချိန် တက်နှုန်း လျော့နည်းပြီး ပိုမို ကျန်းမာလာပါလိမ့်မယ်။

Tip!

ပိုသေးတဲ့ ထမင်းပန်းကန်ပြားကို သုံးပြီး အစာလျှော့စားတာကြောင့် သင့်ဘဝသက်တမ်းကို သုံးနှစ် ပိုတိုးစေတယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

(၃) မကြာခဏ အူလှိုက်သည်းလှိုက် ရယ်မောပါ

ရယ်မောတာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး လူတစ်ယောက်ရဲ့ ပူပင်သောက မှန်သမျှကို တစ်ခဏအတွင်း မေ့သွားစေမယ့် “စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်း” တွေကို ထွက်ရှိလာစေပါတယ်။ စိတ်တည်ငြိမ်နေတဲ့ အခြေအနေမှာ သင့်အနေနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ လျော့နည်းသလို ကိုယ်ခံစွမ်းအားစနစ်လည်း ကောင်းမွန်နေကာ တခြားရောဂါတွေ အထူးသဖြင့် ကင်ဆာဖြစ်နိုင်ခြေလည်း လျော့ကျနေပါတယ်။

Tip!

အူလှိုက်သည်းလှိုက် ရယ်မောတဲ့ လူတွေဟာ စိတ်ဖိစီးမှု လျော့ကျတာကြောင့် ဘဝသက်တမ်းကို ရှစ်နှစ်ခန့် တိုးစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

(၄) ဖလေဗိုးနွိုက်ပါသော အစာကိုများများ စားပါ

ဗီတာမင်စီ၊ အီးတို့လို ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်တဲ့ ဖလေဗိုးနွိုက်ဟာ အပင်ထွက်အစားအစာတွေမှာ တွေ့ရတဲ့ ဓာတ်ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ဖလေးဗိုးနွိုက်ပါဝင်မှု မြင့်မားတဲ့ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီသီးနဲ့ လက်ဖက်စိမ်း လက်ဖက်ရည်တို့ကို စားသောက်ပေးရင် ရင်သားနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ သိရပါတယ်။ ကျန်းမာရေး အကောင်းဆုံး ဖြစ်စေဖို့အတွက် တစ်နေ့မှာ ဖလေဗိုးနွိုက် ၃၁ မီလီဂရမ် မှီဝဲပါ။

Tip!

ဖလေဗိုးနွိုက်ပါဝင်တဲ့ အစာကို ပုံမှန်စားပေးတာကြောင့် ဘဝ သက်တမ်းကို  သုံးနှစ်ခန့် ပိုတိုးစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

(၅) နံနက်ခင်းတွင် အမျှင်ဓာတ်ကို များများ မှီဝဲပါ

နေ့စဉ် အမျှင်ဓာတ်၂၅ ဂရမ် မှီဝဲပေးရင် သင့်ကို သုံးနှစ်ခန့် ပိုအရွယ်တင်စေပြီး သင့်ကိုယ်တွင်း လုပ်ငန်းဆောင်တာတွေကိုလည်း ပိုမို ကောင်းမွန်စေတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။ အမျှင်ဓာတ်ပါတဲ့ အစာကိုများများ စားတာကြောင့် ပုံမှန် ဝမ်းသွားစေပြီး အဆိပ်သင့်နိုင်ခြေနည်းကာ တစ်ကိုယ်လုံး ပေါ့ပါးသွက်လက်နေပါလိမ့်မယ်။ နံနက်ခင်းအချိန်မှာ အမျှင်ဓာတ်စားရင် သွေးတွင်း သကြားဓာတ်မြင့်တက်မှု မရှိအောင် ကာကွယ်ပေးနိုင်ပြီး ကြာကြာ ဗိုက်ပြည့်စေတာကြောင့် နေ့လယ်စာ မစားခင်အချိန်အထိ တခြားသရေစာတွေကို စားချင်စိတ် လျော့နည်းနေပါလိမ့်မယ်။

Tip!

အမျှင်ဓာတ်ပါတဲ့ အစာတွေကို ပုံမှန်ထည့်စားတာကြောင့် ဘဝသက်တမ်းကို ခြောက်လ တိုးစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Ref:Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/article-64935

No comments:

Post a Comment