ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Monday 17 December 2012

ဆောင်းရာသီတွင် လှပပြီး တက်ကြွ ရွှင်လန်းနေစေရန်

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 5:08am 


ဆောင်းရာသီရဲ့ မနက်ခင်းက အေးချမ်းပြီး မြူနှင်းတွေနဲ့ မှုန်မှိုင်းနေတာကြောင့် အိပ်ရာက မထချင် ဖြစ်နေပါသလား။  ဆောင်းရာသီမှာ သင်ရဲ့ ပျင်းတွဲနေတဲ့ အမူအကျင့်တွေကို မပြင်ဆင်ပါက ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။


ကျက်သရေရှိစွာ လှပတင့်တယ်နေစေရန်

ဆောင်းရာသီမှာ သင့်အလှအပအတွက် အချိန်ပေး ဂရုမစိုက်ပါက တင့်တယ်လှပမှုတွေ မှေးမှိန်နိုင်ပါတယ်။

၁) နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ

ဆောင်းရာသီမို့လို့ နေရောင်ကာခရင်မ် လိမ်းဖို့ မလိုဘူးလို့တော့ မထင်လိုက်ပါနဲ့။ မနက်ပိုင်းသာ အအေးဓာတ် အရှိန်ကြောင့် နေရောင်ခြည်နုနုရဲ့ အပူဒဏ်ကို သိပ်မခံစားရပေမယ့် နေလယ်ပိုင်းမှာတော့ နေရောင်ခြည်ရဲ့ ဒဏ်ကို ထိတွေ့ ခံစားရနိုင်တာကြောင့် အိမ်အပြင်ထွက်တဲ့အခါ နေရောင်ကာခရင်မ် လိမ်းပေးပါ။

၂) ရေဓာတ်ဖြည့်ပေးပါ

ဆောင်းရာသီမှာ အသားအရေ ခြောက်သွေ့မှုကို ပိုဖြစ်စေတတ်တာကြောင့် သင့်ခန္ဓာကိုယ်အတွင်းမှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်တွင်း ရေဓာတ်နည်းနေပါက သင့်အရေပြားမှာရှိတဲ့ ဆဲလ်တွေလည်း ခြောက်သွေ့နေတတ်ပါတယ်။ တစ်နေ့ကို ရေရှစ်ခွက် သောက်သုံးပါ။

၃) ခြေထောက်စိမ်ပေးပါ

ဆောင်းတွင်းမှာ အများစုက ခြေဖဝါး ခြောက်သွေ့မှုကြောင့် ခြေဖနောင့် ကွဲအက်တာ မဖြစ်အောင် ညအိပ်ခါနီးမှာ ခြေဖဝါးကို ကြက်သီးနွေးရေထဲ စိမ်ပေးပါ။ ရေနွေးနွေးထဲကို ခြေဖဝါးအလှဆီ ထည့်ပြီး ၁၅ မိနစ်လောက် စိမ်ပေးပါ။ ပြီးနောက် ခြေထောက်ကို ရေသုတ်ပြီး လိုးရှင်းလိမ်းပေးပါ။ အိပ်တဲ့အခါ ခြေအိတ် စွပ်အိပ်ပါ။

၎) နှုတ်ခမ်းနီ အဆီဆိုးပါ

နှုတ်ခမ်းမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပြီး နှုတ်ခမ်းသား နူးညံ့စေဖို့ သွားပွတ်တံနုနုနဲ့ တစ်ပတ်တစ်ကြိမ် ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ နှုတ်ခမ်းကို အစိုဓာတ်ထိန်းပေးဖို့ နှုတ်ခမ်းဆိုးဆေး အဆီဆိုးပြီး နှုတ်ခမ်းကွဲတာ၊ ခြောက်သွေ့ပြီး အဖတ်လန်တာတွေ  မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၅) အိပ်ရာ စောစောဝင်ပါ

မနက်ခင်းစောစောထပြီး လမ်းလျှောက်ဖို့အတွက် ညဘက်မှာ အိပ်ရာစောစောဝင်ဖို့ လိုပါတယ်။ အိပ်ရေးပျက်များပါက သင့်အသားအရေ လှပမှုနဲ့ ကိုယ်ခံစွမ်းအားအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ တစ်နေ့ကို အိပ်ချိန် ရှစ်နာရီရအောင် ပုံမှန် အိပ်စက်ပေးပါ။

တက်ကြွ ရွှင်လန်းနေစေရန်

၁) မနက်စောစော အိပ်ရာထပြီး လေကောင်း လေသန့်ရှိုက်ရင်း လမ်းလျှောက်ပါ။

၂) အပြင်ထွက်ပြီး လေ့ကျင့်ခန်း မလုပ်နိုင်ပါက အိမ်တွင်းမှာပဲ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။

၃) လေ့ကျင့်ခန်း အထောက်အကူပြု ပစ္စည်းတွေကို ဈေးကြီးပေး မဝယ်နိုင်ခဲ့ရင် ကြိုးခုန်တာ၊ ထိုင်ထ လေ့ကျင့်တာ၊ အသက်ရှူ လေ့ကျင့်တာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။

၎) လေ့ကျင့်ခန်းကို နည်းလမ်းတကျ မလုပ်တတ်ပါက လေ့ကျင့်ခန်း နည်းပြတွေရဲ့ လုပ်ဆောင်မှုတွေ ပါဝင်တဲ့ လေ့ကျင့်ခန်းအခွေ ဖွင့်ကြည့်ပြီး လေ့ကျင့်ပါ။

၅) ရေကူးတာမျိုးတာက တခြားရာသီဥတုတွေမှာ လုပ်ဆောင်ဖို့ အကောင်းဆုံးဖြစ်ပေမယ့် ဆောင်းရာသီမှာတော့ ဦးစားပေး မလုပ်သင့်ပါဘူး။ ဒါပေမဲ့ ရေကူးတာက ကြွက်သားတွေကို သန်မာစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

ဆံသားခြောက်သွေ့ခြင်းမှ ကာကွယ်ရန်

၁) သင့်ဆံပင်ရဲ့ ပျက်စီးနေတဲ့ အဖျားတွေကို ဖြတ်ပေးပါ။ ကွန်ဒီရှင်နာကို သုံးပေးတာက ဆံသားခြောက်သွေ့မှုကို သက်သာစေပြီး ဆံသားမှာ အစိုဓာတ် ထိန်းထားနိုင်ပါတယ်။ ဆောင်းရာသီမှာ တစ်လကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ပေါင်းတင်ပေးပါ။

၂) ခေါင်းလျှော်ပြီးတဲ့ အခါ အစိုဓာတ်ထိန်းပေးတဲ့ ကွန်ဒီရှင်နာ သုံးပေးပါ။ ဆံပင်ကို အခြောက်ခံတဲ့အခါ အပူချိန်ပြင်းပြင်းနဲ့ အခြောက်ခံတာမျိုး၊ မကြာခဏ ခေါင်းလျှော်တာမျိုးတွေကို ရှောင်ပါ။

၃) စတိုင်ကျစေဖို့၊ ဆံသားကို ပုံစံသွင်းဖို့အတွက် ဆံပင်ကို ဂျယ်လိမ်းပါ။ ဆံသားကို ဆီလိမ်းပြီးတဲ့အခါ လက်ထိပ်လေးတွေနဲ့ ညင်သာစွာ နှိပ်နယ်ပေးပါ။

၎) ခေါင်းလျှော်ပြီးတဲ့အခါ လေမှုတ်ပြီး အခြောက်ခံမယ့်အစား တဘက်နဲ့ သေချာစွာ ရေသုတ်ပြီး သဘာဝအတိုင်းပဲ အခြောက်ခံပါ။

၅) ဦးရေပြားကို တစ်ပတ်တစ်ကြိမ် နှိပ်နယ်ပေးပါ။ ဦးရေပြားအတွင်း သွေးလှည့်ပတ်မှု ကောင်းစေပြီး အောက်ဆီဂျင်နဲ့ အစာအာဟာရတွေ ဆံရင်းကို ရောက်ရှိစေပါတယ်။

လက်သည်း၊ ခြေသည်း ပျက်စီးခြင်းမှ ကာကွယ်ရန်

ဆောင်းရာသီမှာ လက်သည်း၊ ခြေသည်းတွေ ရှည်ထွက်မှုက နွေရာသီလောက် မမြန်တတ်ပါဘူး။ ဒ့ါအပြင် လက်သည်း၊ ခြေသည်း ခြောက်သွေ့ကြွပ်ဆတ်ပြီး ပျက်စီးတာ ဖြစ်လွယ်ပါတယ်။

၁) သင့်ခန္ဓာကိုယ်ကို အစိုဓာတ်ထိန်း ခရင်မ် လိမ်းတဲ့အခါ ခြေချောင်း၊ လက်ချောင်းထိပ်ရှိ ခြေသည်း၊ လက်သည်းလေးတွေကို သေချာစွာ ပွတ်လိမ်းပေးပါ။ လက်ဆေး၊ ခြေဆေးပြီးတဲ့ အခါတိုင်းမှာလည်း လိုးရှင်း လိမ်းပေးပါ။

၂) သိပ်အေးတဲ့ အချိန်တွေမှာ လက်အိတ်၊ ခြေအိတ်တွေ ဝတ်ထားပေးပါ။

၃) ပန်းကန်ဆေးတဲ့အခါ၊ အဝတ်လျှော်တဲ့ အခါတွေမှာ ရော်ဘာလက်အိတ် ဝတ်ဆင်ပြီး လုပ်ဆောင်ပါ။ လက်သည်း၊ ခြေသည်းတွေက အရေပြားထက် ရေကို ပိုမိုစုပ်ယူနိုင်ပြီး ရေခြောက်သွားတဲ့အခါ လက်သည်း၊ ခြေသည်းတွေကို ကျုံ့သွားကာ ပျက်စီးစေတာကြောင့်ပါ။

၎) တစ်နေ့တာ စားသုံးတဲ့ အစားအစာတွေထဲမှာ ပရိုတင်း ၆၀ ဂရမ်နဲ့ ဘိုင်အိုတင်၊ ဖောလစ်အက်စစ်တွေ ပါဝင်အောင် စားပေးပါ။

၅) တစ်နေ့ကို ရေရှစ်ဖန်ခွက် သောက်ပေးပါ။

၆) လက်သည်း၊ ခြေသည်းကို အတိုညှပ်ပြီး သန့်ရှင်းစွာ ထားပါ။


ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)
Ref:  Good Health
http://www.yatanarpon.com.mm/cp/goodhealth/article-71867

No comments:

Post a Comment