ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Monday 17 December 2012

အယ်လ်ဇိုင်းမားရောဂါ မဖြစ်ရအောင်

by ပိုပိုဇော်(သဘာဝအားအင်) on Monday, December 17, 2012 at 11:48pm 

အယ်လ်ဇိုင်းမား ရောဂါဖြစ်မှာ စိုးရိမ်နေပါသလား။  မစိုးရိမ်ပါနဲ့။ လတ်တလော လေ့လာမှုအရ ရိုးရှင်းတဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်တာနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို ၇၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။ ဦးနှောက်ဉာဏ်ရည် တိုးတက်စေဖို့ ကျွမ်းကျင်သူတွေက အောက်ပါအချက် ခြောက်ချက်ကို လမ်းညွှန်ထားပါတယ်။


၁။ အကြားအာရုံကို စစ်ဆေးပါ

နားအကြားအာရုံ ချို့ယွင်းတာကို မကုသဘဲထားတာက အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကို များစေပါတယ်။ အသံကျယ်နှုန်း ၁၀ ဒက်စီ ဘယ်လျော့နည်းပြီး ကြားရပါက အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းမြင့် တက်စေပါတယ်။ အသံလှိုင်းတစ်ခုက နားပြွန်ထဲကတစ်ဆင့် နားထဲဝင်လာရင် နားစည်နဲ့ နားထဲက အရိုးလေးတွေကနေ အာရုံကြောက တစ်ဆင့် ဦးနှောက်ကို ပို့ပါတယ်။ ဦးနှောက်ကနေမှ ဘာအသံဆိုတာကို ခွဲခြားဖော်ပြပါတယ်။ ဒါကြောင့် နားလေးသူတွေဟာ လူမှုဆက်ဆံရေးတွေမှာ အားနည်းသွားတာကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကျဆင်းမှုကို မြန်စေပါတယ်လို့ Johns Hopkins School of Medicine မှ နားရောဂါ အထူးကု Ass: Prof: Frank R. Lin က ပြောပါတယ်။

၂။ ဦးနှောက်ဆဲလ်များကို ကာကွယ်ပါ

ဦးနှောက်ဆဲလ်တွေကို ကာကွယ်ဖို့အတွက် အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ Astaxanthin ကို တစ်နေ့ ၁၂ မီလီဂရမ် ဖြည့်စွက် သောက်သုံးပါ။ Astaxanthin က ဆယ်လ်မွန်ငါးနဲ့ အခွံမာရှိတဲ့ ခရု၊ ယောက်သွား၊ ကဏန်းတွေမှာ ပါဝင်တဲ့ အနီရောင်ခြယ်ဖြစ်ပြီး ဦးနှောက်ထဲမှာ အယ်လ်ဇိုင်းမားကိုဖြစ်စေတဲ့ သွေးခဲဖတ်လေးတွေ ဖြစ်ပေါ်မှုကို နှေးကွေးစေတယ်လို့ လတ်တလော လေ့လာမှုတစ်ခုက သိရပါတယ်။  

Tip

ပင်လယ်စာထဲမှာ ပါဝင်တဲ့ Astaxanthin သုံးအောင်စ ဒါမှမဟုတ် ၃-၅ မီလီဂရမ်ကို နေ့စဉ်ဖြည့်စွက် သောက်သုံးပါ။ ဖြည့်စွက်ဆေးကို မသောက်သုံးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

၃။ စပျစ်ဖျော်ရည် သောက်ပါ

နေ့စဉ် စပျစ်ဖျော်ရည် ရှစ်အောင်စ သောက်ပေးတာက အမိုင်လွိုက်ပက်တိုက် ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ အမိုင်လွိုက်ပက်တိုက်ဆိုတာက အယ်လ်ဇိုင်းမား ဖြစ်ပေါ်စေတဲ့ သွေးခဲတွေ တိုးပွားစေပါတယ်။ စပျစ်ဖျော်ရည်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့် ပိုလီဖီနောတွေက ဦးနှောက်ကို အိုမင်းစေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖျတ်ဆီးပေးပါတယ်။ စပျစ်ဖျော်ရည်ကို နေ့စဉ် ပုံမှန်သောက်ပေးပါက ဦးနှောက်မှတ်ဉာဏ် ဆုံးရှုံးမှု ပြဿနာတွေရဲ့ အစောဆုံး လက္ခဏာတွေကို သက်သာစေပါတယ်။

၎။ အိပ်ရေးဝဝ အိပ်စက်ပါ

တစ်ညကို အချိန် ၇-၈ နာရီကြာ အနည်းဆုံး တစ်လလောက် ပုံမှန် အိပ်စက်လိုက်ပါက ဦးနှောက်အိုမင်းမှုကို လျှော့ချနိုင်ပါတယ်။ အိပ်စက်တဲ့အခါ ဦးနှောက်ကနေ မယ်လတိုနင် ဟော်မုန်းထုတ်လုပ်ပြီး ဒီဟော်မုန်းက ပျက်စီးနေတဲ့ ဦးနှောက်ဆဲလ်တွေကို ပြန်လည် ကုစားပေးပါတယ်။ အစားအသောက်နဲ့ နေထိုင်မှု ပုံစံတွေကို မပြောင်းလဲဘဲ ညစဉ် အနည်းဆုံး ခုနစ်နာရီ အိပ်စက်တာ တစ်ခုတည်းနဲ့ မယ်လတိုနင်ဟော်မုန်း ထုတ်လုပ်မှုကို နှစ်ဆမြှင့်တင် ပေးနိုင်ပါတယ်။

Tip

အိပ်စက်တဲ့အခါ လိုက်ကာတွေပိတ်၊ မီးတွေပိတ်ပြီး အိပ်စက်ပါ။ အိပ်စက်ချိန်မှာ သင့်အိပ်ခန်းက မှောင်နေပါမှ ဦးနှောက်က မက်လတိုနင်ဟော်မုန်းကို လုံလုံလောက်လောက် ထုတ်လုပ်ပေးပါတယ်။

၅။ ကခုန်ပါ

လေ့လာမှုတွေက တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀ လောက် လေ့ကျင့်ခန်း လုပ်တာက နောင်မှာ ဦးနှောက်မှတ်ဉာဏ်ဆိုင်ရာ ပြဿနာ ဖြစ်ပေါ်မှုကို ၂၀ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။ လှုပ်ရှားမှုက ကျန်းမာတဲ့ ဦးနှောက်ဆဲလ်အသစ် ဖြစ်ပေါ်မှုကို အားပေးတဲ့ အာရုံကြော ဖွံ့ဖြိုးစေတာတွေကို ထုတ်လုပ်စေဖို့ လှုံ့ဆော်ပေးပါတယ်။ ဦးနှောက်အတွက် အကောင်းဆုံး အကျိုးအာနိသင် ရရှိစေတာကတော့ ကခုန်တာပါ။ ၂၅ နှစ်ကြာ လေ့လာခဲ့တဲ့ လေ့လာမှု တစ်ခုအရ ကခုန်တာက တခြားလေ့ကျင့်ခန်းတွေ ပြုလုပ်တာထက် မှတ်ဉာဏ် ဆုံးရှုံးမှုဆိုင်ရာ ရောဂါတွေ ဖြစ်ပွားမှုကို ၇၆ ရာခိုင်နှုန်း လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။

၆။ စူပါအစားအစာများ ထည့်စားပါ

သင်စားတဲ့ အစားအသောက်ထဲမှာ ဘလူးဘယ်ရီသီး၊ ဟင်းနုနယ်နဲ့ ကိုက်လန်စတဲ့ စူပါအစားအစာတွေ ပါဝင်အောင် အနည်းဆုံး လေးလကြာ စားပေးတာက အသက်အရွယ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုတွေကို ပြန်လည် ပြုပြင်ပေးနိုင်တယ်လို့  South Florida တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ ဘလူးဘယ်ရီသီး၊ ဟင်းနုနယ်နဲ့ ကိုက်လန်တွေကို စားပေးတာက တခြား ဟင်းသီးဟင်းရွက်တွေ စားတာထက် ဦးနှောက်ဆဲလ် ပျက်စီးမှုကို ကုစားပေးနိုင်တဲ့ ကယ်ရိုတီးနွိုက်ကို အဆ ၂၀ ပိုမိုရရှိစေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။  

Tip

တစ်နေ့ကို ဘလူးဘယ်ရီသီး ခွက်တစ်ဝက်စာနဲ့ ဟင်းနုနယ် ဒါမှမဟုတ် ကိုက်လန် ခွက်တစ်ဝက်စာ စားပေးပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Ref: Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/news-55067

No comments:

Post a Comment