ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Monday 17 December 2012

သူဌေးရောဂါ လို့ ခေါ်ကြတဲ့ သွေးချိုဆီးချိုရောဂါ အကြောင်း

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, December 18, 2012 at 2:39am 


** သူဌေးရောဂါ **

- ဆီးချိုတယ်၊ သွေးလည်းချိုတယ်၊ ဆီးပဲချိုတယ်၊ သွေးမချိုဘူး၊ သွေးချိုတယ်၊ ဆီးမချိုဘူးတဲ့။
- ဒီလိုအမျိုးမျိုး ရူပ်ရှက်ခက်အောင် တွေးနေပြောနေကြတာက "သွေးချိုဆီးချိုရောဂါ" လို့ခေါ်တဲ့ Diabetes Mellitus (DM) အကြောင်းပါပဲ။
- တကယ်တော


့ လူအများပြောနေကြသလို သွေးချိုတာတွေ ဆီးချိုတာတွေ ဝေခွဲနေစရာမလိုဘူးနော်။
- ဒီရောဂါဖြစ်ပြီဆိုထဲက သွေးလည်းချို ဆီးလည်းချို အဲဒါကြောင့် သမားတော်ကြီးတွေက သွေးချိုဆီးချိုရောဂါရယ်လို့ နာမည်ပေးကင်ပွန်းတပ်လိုက်ကြတာပေါ့။
- ဒီရောဂါကဖြစ်တာများလာသလို သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကလည်း ကြောက်စရာကြီးတွေဆိုတာ သိလာကြတော့ လူအများအာရုံစိုက်လာကြတဲ့ရောဂါပေါ့။
- ဒီတော့ ဒီရောဂါအကြောင်းကို သေချာလေးစပ်စုကြည့်ရအောင်နော်။


သွေးချိုဆီးချိုရောဂါ

- ဆီးချိုရောဂါမှာ အမျိုးအစား (၁) နဲ့ (၂) ရှိပါတယ်။
- အမျိုးအစား (၁) ကတော့ ငယ်ငယ်လေးထဲက ဖြစ်တတ်တယ်နော်။
- ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကြောင့်ဖြစ်တဲ့ရောဂါပါ။
- ဒီရောဂါအတွက်တော့ Insulin သာမှန်မှန်ထိုးပေတော့ပေါ့။
- ခု ပေါ်ပြူလာဖြစ်နေတဲ့ ဆီးချိုကတော့ ကာကွယ်လို့လည်းရနိုင်တဲ့ အမျိုးအစား (၂) ဆီးချိုပါ။


အမျိုးအစား ၂ သွေးချိုဆီးချိုရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းများ

- အမျိုးအစား (၂) ဆီးချိုရောဂါဟာ အစားအသောက် အနေအထိုင်မတတ်လို့ ဖြစ်တဲ့ရောဂါလို့ ပြောလို့ရတယ်နော်။
- အဓိကဖြစ်တာကတော့ ဒီခေတ်ကြီးရဲ့ လူနေမူပုံစံကြောင့်ပါပဲ။
- ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားသောက်တွေ စားကြတယ်။
- မြန်မာတွေက အဆီတစ်ထပ် အသားတစ်ထပ်နဲ့ ၀က်သားတုံးကြီး လက်သီးဆုပ်ပမာကို ဆီပြန်ချက်ပြီး အားရပါးရစားတတ်ကြတယ်လေ။
- အဆီပဲ စားတာလားဆိုတော့ မဟုတ်ပေါင်.. အချိုအဆိမ့်တွေဆိုလည်း လာထား ဆိုတာကြီးပဲ။
- အချိုရည်တွေ၊ ပီဇာတွေ၊ ဘာဂါနဲ့ တခြားရယ်ဒီမိတ်စားစရာတွေကလည်း ကြော်ငြာလည်းကောင်း စားလို့လည်းကောင်းဆိုတော့ စားကြသောက်ကြပြီပေါ့နော်။

- ခန္ဓာကိုယ်ထဲကို လောင်စာတွေ ပိုလျှံအောင်ဖြည့်ပေမယ့် မသုံးကြပြန်ဘူး။
- အိမ်မှာထိုင်၊ ရုံးမှာထိုင်၊ ဟိုသွား ဒီသွားကားလေးနဲ့၊ ကိုရီးယားဇာတ်လမ်းအတွဲတွေကို ဇွဲကောင်းကောင်းနဲ့ မပြီးမချင်းထိုင်ကြည့်၊ ကွန်ပြူတာ တစ်နေကုန်ထိုင်သုံး ကိုယ်လက်လှူပ်ရှားမှုဆိုတာ လုံးဝမရှိတော့ဘူးလေ။
- အဲဒီတော့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက အရမ်းပိုလျှံပြီး အဆီပိုတွေအဖြစ် ရုပ်ပြောင်းရုပ်လွဲ လုပ်သွားတာပေါ့။
- အဆီပိုလေးတွေက စုပေါင်းညီညာအောင်ကြောင်းဖြာတော့ ခန္ဓာကိုယ်က အလေးချိန်တွေတိုးလို့ အ၀လွန်၊ သွေးတွင်းအဆီများ၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်ရောဂါ အဖော်အပေါင်းတွေနဲ့ တစ်ပျော်တစ်ပါးကြီး လူကိုဒုက္ခပေးတော့တာပဲ။
- ဒါက အရင်ထဲက မင်းမူနေတာတွေနော်။
- ခုတော့ ခေတ်သစ်မင်းသားလေး ဆီးချိုပေါ့။

- ဒုက္ခဆိုတာ အဖော်အပေါင်းနဲ့မှ လာတတ်သတဲ့။
- တခြားဟာအတွက်တော့ မသိဘူး.. အ၀လွန်တဲ့သူတွေအတွက်တော့ သိပ်မှန်တဲ့စကားပဲနော်။
- အရမ်းဝပြီး နှလုံးသွေးကြောကျဉ်းရောဂါဖြစ်တဲ့ သူတစ်ယောက်က ငါ့မှာ ဒီရောဂါရှိနေပြီ နောက်တစ်ခုမဖြစ်လောက်ဘူးလို့ မထင်လိုက်ပါနဲ့။
- အ၀လွန်ပြီး သွေးတိုး၊ နှလုံးရောပါဖြစ်နေတဲ့သူတွေဟာ ဆီးချိုရောဂါဖြစ်နိုင်ချေပိုများတယ်နော်။
- “ကံဆိုးမသွားရာ မိုးလိုက်လို့ရွှာ” ဆိုတာမျိုးပေါ့။

- ဒါကြောင့် ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေအများကြီးစား၊ လှုပ်ရှားမှုမရှိပဲ အ၀လွန်လာတဲ့သူတွေဟာ ခုထဲက ကျန်းမာရေးကိုဂရုစိုက်တော့နော်။
- ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ပေမယ့် ဖြစ်လာရင်တော့ကြောက်စရာရောဂါတွေနဲ့ပဲ နပန်းလုံးနေရတော့မှာ။
- ဒီခေတ်မှာ ဆေးကောင်းဝါးကောင်းတွေနဲ့ ရောဂါတွေကို ကုလို့ရနေပေမယ့် ရောဂါဖြစ်ပြီဆိုထဲက မကောင်းတော့ဘူးလေ။
- ရောဂါရဲ့ဒဏ်ကို ခံရမယ်။
- ဆေးကုစရိတ်တွေကလည်း ကြီးကကြီးနဲ့။
- ပြီးတော့ ရောဂါတွေထဲမှာ ဆီးချိုရောဂါက မကောင်းဆုံးလို့ထင်တာပဲနော်။
- စားချင်တာတွေ စားလို့မရတော့ဘူုးလေ။
- “အသီးမှာ သရက်၊ အသားမှာဝက်” ဆိုတာတွေကိုလည်း စားချင်တိုင်းစားလို့မရ။
- အချိုလျှော့ အဆီလျှော့ရင်း ကောင်းပေ့ဆိုတဲ့အစားအသောက်တွေကို မြင်သာမြင်ရ မကြင်ရ ဘ၀ရောက်သွားနိုင်တယ်နော်။
- ဒါဆိုရင်တော့ တကယ်လူဖြစ်ရူံးတာပဲ။
- ကြာရင် စိတ်ထောင်းကိုယ်ကြေတောင် ဖြစ်သွားနိုင်သေးတယ်။
- အဲဒါကြောင့် ကြိုတင်ကာကွယ်ခြင်းဆိုတဲ့ ဆေးကောင်းတစ်ခွက်ကို ခုပဲသောက်လိုက်ကြပါနော်။
- အော်.. ပြီးတော့ အသက် ၄၅ နှစ်အထက် ဦးဦး ဒေါ်ဒေါ်တွေနဲ့ ဆီးချိုသွေးချိုရောဂါမျိုးရိုးရှိရင်လည်း အမြဲသတိထားနေဖို့ လိုတယ်နော်။


သူဌေးရောဂါ

- အော်..ဒါနဲ့ စကားမစပ်.. သူဌေးရောဂါဆိုလို့ စိတ်ဝင်စားပြီး ဖတ်နေတာဟုတ် … ??
- ခုထိ သူဌေးရောဂါ အကြောင်းတစ်ခုမှမပါသေးလို့ အပြစ်တင်တော့ မစောလိုက်ပါနဲ့ဦးနော်။
- ခုပြောနေတဲ့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါဟာ တကယ့်သူဌေးရောဂါပေါ့။
- ဆင်းရဲသားတွေမှာလည်း ဖြစ်ပါတယ်။
- ဒါပေမယ့် သူဌေးတွေမှာ ပိုအဖြစ်များတာကိုး။
- စဉ်းစားကြည့်နော်။
- ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေမှာ အဆီအဆိမ့်တွေ၊ အချိုရည်တွေ၊ ပီဇာ၊ ဘာဂါတွေနဲ့ တခြားရယ်ဒီမိတ်စားစရာတွေဟာ ဈေးကြီးတာကိုး။
- သူဌေးတွေပဲအများကြီးစားနိုင်တာလေ။
- ပြီးတော့ အလုပ်လုပ်စရာမလိုတော့ အိမ်မှာပဲ TV ကြည့်၊ အင်တာနက်သုံးဆိုတာတွေလည်း သူဌေးတွေပဲ။
- ကိုရီးယားကားလေးကြည့်ရင်း မုန့်တွေထိုင်စားတာ လောကစည်းစိမ် တမျိုးပဲလေ။
- ပြီးတော့ အလုပ်လုပ်နေတဲ့ သူဌေးတွေကို ကြည့်ဦးမလား။
- ငြိမ့်ငြိမ့်လေးကားစီးပြီး အလုပ်သွား၊ အလုပ်မှာထိုင်၊ ကားလေးနဲ့ ငြိမ့်ငြိမ့်လေးပြန်လာ၊ KTV သွား အဲ.. ဘွာတေးနော်။
- ပညာပေးရင်းနဲ့ လူမုန်းခံရတော့မှာပဲ။ :D
- ထားပါတော့လေ။ အားလုံးက မ၀ ၀အောင်ကို တွန်အားပေးနေသလိုပဲ။
- ကျားကြီးခြေရာကြီးပြီး စိတ်ဖိစီးမှုများကလည်း ၀စေပြန်ရော။
- အဲဒီတော့ “သူဌေးရောဂါ”လို့ နာမည်လှလှလေးပေးလိုက်တာ မလွန်ဘူးထင်တယ်နော်။


သင်ရော.. ၀နေပြီလား ??

- ဟိုးအရင်တုန်းကတော့ ၀လို့လှလို့ဆိုပေမယ့် ခုတော့ ၀ပြီဆိုရင် ရောဂါတွေရဲ့ ရေခံမြေခံကောင်း ဖြစ်ပြီနော်။
- ယောကျာ်းခါး ၃၅ လက်မ၊ မိန်းမခါး ၃၂ လက်မကျော်ရင် ဆီးချိုဖြစ်နိုင်ချေအရမ်းကိုများနေပြီလေ။
- အဲဒီတော့ ကိုယ့်ကိုယ်ကို ၀နေပြီထင်ရင် ခါးကိုသာ တိုင်းကြည့်ပေတော့။
- Limit တွေကျော်နေရင်လည်း အရမ်းကြီးကြောက်မသွားပါနဲ့။
- မျက်ခုံးလှုပ်စရာ အနေအထားဆိုပေမယ့် ခုကစပြီး အစားအသောက်အနေအထိုင် ဆင်ခြင်လိုက်ပါ။
- အမှားကိုသိပြီး အမှန်ပြင်နိုင်ရင် ဘယ်အချိန်ဖြစ်ဖြစ် နောက်ကျတယ်လို့ ပြောလို့မရဘူးနော်။


ဆီးချိုသွေးချိုရောဂါ ဖြစ်နေပြီလား ??

- ကိုယ့်မှာ ဆီးချိုသွေးချိုရောဂါ ဖြစ်နေပြီလား စိုးရိမ်နေတဲ့သူတွေအတွက်၊ သိချင်နေတဲ့သူတွေအတွက် ရောဂါလက္ခဏာတွေကို ပြောပြမယ်နော်။
- ဆီးချိုသွေးချိုရောဂါဖြစ်နေပြီဆိုရင် ရေတွေအရမ်းဆာလာတယ်၊ ပြီးတော့ဆီးတွေအရမ်းသွားမယ်၊ ရေသောက်လိုက် ရူးပေါက်လိုက်နဲ့ကို အလုပ်ဖြစ်နေတော့မှာ။
- ပြီးတော့ အရမ်းစားလာတယ်။
- အစားသာကြီးလာပေမဲ့ လူကတော့ပိန်လာတယ်။
- စားချင်သလောက်စားပြီး ပိန်ပိန်သွယ်လေး ဖြစ်လာတော့ ၀မ်းသာမစောလိုက်နဲ့အုံးနော်။
- ဒါကဆီးချိုသွေးချိုရောဂါရဲ့ဇာတိရုပ်တွေပေါ်လာတာလေ။
- ပြီးတော့ အလကားနေရင်း နုံးနေတာ။
- ဘာအကြောင်းမှမရှိပဲ နုံးနေတာမျိုးဆိုရင် ဆီးချိုကိုသာ ပြေးသတိရလိုက်ပါတော့။


ဆီးချိုသွေးချိုရောဂါဆိုတာ သေချာလား ??

- ကိုယ့်မှာ ဆီးချိုလက္ခဏာတွေ ရှိနေတယ် ထင်ရင်လည်း မလန့်ပါနဲ့အုံး။
- သွေးစစ်ကြည့်တော့မှ သေချာမှာလေ။
- တကယ်လို့ သွေးချိုဆီးချိုရောဂါလို့ ရောဂါနာမည်တပ်မယ်ဆိုရင် ဆေးဆိုင်မှာ လက်ထိပ်သွေးဖောက်စစ်ရုံနဲ့ မရဘူးနော်။
- သွေးကြောထဲကသွေးကို ဖောက်ယူပြီး စစ်ရတာပါ။
- လက်ထိပ်သွေးဖောက်စစ်တာက ဆီးချိုရောဂါကို သေချာထိန်းချုပ်ထားနိုင်လားဆိုတာကို သိဖို့အတွက်နဲ့ အရေးပေါ်အတွက်ပဲလေ။
- လက်ထိပ်သွေးဖောက်စစ်တယ်ဆိုတာ အရမ်းလွယ်ပေမဲ့ နည်းစနစ်မမှန်ရင် အဖြေက မှားနိုင်သေးတယ်နော်။
- ဒါကြောင့် ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။
- တကယ်လို့ ရောဂါလက္ခဏာတွေမပြပဲ (သို့) လက္ခဏာတွေကို သတိမထားမိလိုက်ပဲ ရောဂါဖြစ်နေမှာ စိုးရိမ်နေရင်တော့ ဆီးချိုကို မှန်မှန်စစ်ကြည့်တာ အကောင်းဆုံးပဲပေါ့။
- ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာတွေ အစားများတာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ အ၀လွန်နေတာ စတဲ့ ဆီးချိုဖြစ်စေနိုင်တဲ့အကြောင်းတွေ မရှိဘူးဆိုရင်တော့ ၃ နှစ်ကို ၁ ခါ စစ်ပါ။
- အဲ.. ဆီးချိုဖြစ်နိုင်ချေရှိသူတွေကတော့ ၁ နှစ် ၁ ခါ။
- ဆီးချိုဖြစ်စေနိုင်တဲ့အကြောင်းတွေ များနေပြီဆိုရင်တော့ ၆ လ ၁ ခါ စစ်ရမှာပါပဲ။


သွေးချိုဆီးချိုရောဂါဖြစ်ပြီဆိုရင်??

- ဆေးပဲသောက်လို့ မရဘူးနော်။

- အဓိကက လူနေမှုပုံစံကို ပြောင်းရမှာပဲ။ အစားအသောက်အနေအထိုင်တွေပေါ့။

- ဆေးကိုလည်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ရမှာပါ။

- ဆေးခန်းမှာ ကြုံဖူးပါရဲ့။

- ဆီးချိုအတွက်ဆေးကို မနက်တစ်လုံး ညတစ်လုံးသောက်ပါဆိုတာကို မနိုင်ဘူးထင်လို့ မနက်၂လုံး ည၂လုံး သောက်သတဲ့ကွယ်။

- အစားအသောက်ဆင်ခြင်ရဲ့လားဆိုတော့ စားချင်သလိုစားပြီးတော့ အဲ့ဒါကို ကာမိအောင် ဆေးကိုတိုးသောက်သတဲ့။ ဆေးကို သူစိတ်ထင်သလို သောက်နေတာပါ။

- အဲ့ဒီလူနာဘယ်လိုဖြစ်မယ်ထင်လဲဟင်??

- ဆီးချိုတွေအရမ်းတက်ပြီး ဆေးရုံကိုရောက်ရော။

- ဒါကြောင့် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကို သေချာသောက်ရမယ်နော်။

- ပြီးတော့ အစားအသောက်အနေအထိုင်ကိစ္စ။

- အဆီတွေ၊ အငန်တွေ၊ အချိုတွေကို လျှော့စားပါ။

- အမျှင်ဓာတ်ပါတဲ့အစာတွေ များများစားပါ။

- ရေများများသောက်ပါ။ ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။

- လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးရင် ပိုကောင်းတာပေါ့။

- တက်တက်ကြွကြွနေပါ။

- ပြီးတော့ ပြုံးပြုံးလေးနေပါ။

- ပြုံးတာဟာ စိတ်ဖိစီးမှုကို လျှော့နည်းစေတယ်လေ။

- ဒါတွေကို သေချာလိုက်နာမယ်ဆိုရင် ဆီးချိုလည်း ထိန်းပြီးသားဖြစ်မယ့်အပြင် တခြားရောဂါတွေလဲကင်း၊ ကိုယ်ရေလည်းစစ်ပြီး အရမ်းကိုလှပနေမှာပါ။

- တကယ်တော့ ဆီးချိုရောဂါသည်တွေမှ မဟုတ်ဘူးနော်..။ လူတွေအားလုံး ဒီအတိုင်းသာ လိုက်နာကျင့်သုံးရင် အားလုံးကျန်းမာပြီး လှပနေမှာ။


သွေးချိုဆီးချိုဝေဒနာရှင်တို့အတွက် စားသောက်မှုပုံစံ


- ဆီးချိုဝေဒနာရှင်တွေ စားသင့်တဲ့ စားသောက်မှုပုံစံလေးတွေကို ပြောပြမယ်နော်။

- အရွက်တွေ၊ အသား၊ ငါးတွေကိုတော့ ကြိုက်သလောက်စားပါ။

- အဆီများတဲ့ ၀က်သားလိုမျိုးကိုတော့ လျှော့စားပါ။

- ထမင်းကိုတော့ နဲနဲလျှော့စားပါ။

- အော်..ဆီးချိုတက်မှာစိုးလို့ ထမင်းကို အရည်ငှဲ့ချက်တာတွေ ခဏခဏကြားဖူးတယ်နော်။

- ထမင်းရေခမ်းချက်စားတာက ဆီးချိုမတက်နိုင်ပါဘူး။

- အဓိကက ထမင်းလျှော့စားရမှာပါ။

- ထမင်းရည်ငှဲ့ချက်ပြီး ထမင်းရည်တွေသွန်ပစ်လိုက်တဲ့အခါ အာဟာရတွေပါသွားပြီး ဆီးချိုရဲ့နောက်ဆက်တွဲဆိုးကျိုးကြောင့်သာမက အာဟာရချို့တဲ့လို့ ခြေလက်တွေ ထုံကျဉ်တာမျိုးပါ ဖြစ်လာတတ်ပါတယ်။

- ပြီးတော့ စိန်တစ်လုံးသရက်သီးတို့၊ ပိန္ဒဲသီးတို့လို ချိုတာတွေတော့ အာသာပြေရုံလေးပဲ စားပေါ့။

- တစ်လုံးလုံးစားမှ အာသာပြေမယ်ဆိုရင်တော့ ဆေးရုံလား၊ ဆေးခန်းလား တစ်ခုခုပဲဆိုတော့ ထိန်းနော်။

- ဘာတွေ ဘယ်လို စားရမယ်ဆိုတာကို မှတ်မိလွယ်အောင် ပုံလေးနဲ့ပြပါ့မယ်။

- ပန်းကန်တစ်ဝက်မှာ ဟင်းသီးဟင်းရွက်တွေပဲ စားပါ။ ကျန်တဲ့တစ်ဝက်ကို တစ်ဝက်စီဝက်ပြီး အသား၊ ငါးကတစ်ဖက်၊ ထမင်း၊ ပဲ၊ အာလူးက တစ်ဖက်ထည့်စားပါ။

- ဒါက တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ ဆီးချိုသမားတွေအတွက် စားသောက်မှုပုံစံပဲနော်။

- OK.. ဒီလောက်ဆိုရင် ဆီးချိုရောဂါအကြောင်းကို တော်တော်သိသွားလောက်ပြီဆိုတော့ မဖြစ်သေးတဲ့လူတွေလည်း ဆင်ခြင်စရာရှိတာဆင်ခြင်ပြီး ရောဂါကင်းကြပါစေ၊ ဆီးချိုရောဂါရှင်တွေလည်း ဆောင်ရန်ရှောင်ရန်တွေကို သတိထားလိုက်နာပြီး ပိုကျန်းမာပါစေလို့ ဆုတောင်းရင်း…
(ရင်နှင်းငယ်)
source>>>http://www.facebook.com/pages/Myanmar-Sky-Link/219226224765641

No comments:

Post a Comment