ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://natureenergycares.blogspot.com/

Saturday, 5 January 2013

အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 6:42pm


(၁) အမူအကျင့်
တချို့တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူအကျင့်လေးတွေ ရှိတတ်ပါတယ်။  ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်းတွေ ပေါ်စေပါတယ်။


(၂) နေရောင်ခြည်
နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ်ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။

(၃) အိပ်ရေး မဝခြင်း
အိပ်ရေးမဝတာကလည်း သင့်အရေပြားအတွက် ဆိုးကျိုးတစ်ခုပါပဲ။ အိပ်ရေးမဝတာကြောင့် အရေပြားအတွက် ကော်လာဂျင် ထုတ်လုပ်မှုကို နှောင့်နှေးစေပြီး အရေးကြောင်း ဖြစ်ပေါ်စေပါတယ်။ ပုံမှန် အိပ်ချိန်ရအောင် အိပ်စက်ပါ။

(၄) အချိုနှင့် အငန်ဓာတ်
အသားအရေ တင်းရင်းနေစေဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ အရာက ကော်လာဂျင်တွေပါ။ အချို၊ အငန်တွေ အစားများတာကြောင့် အရေပြားမှာရှိတဲ့ ကော်လာဂျင်တွေကို ပျက်စီးစေပါတယ်။ အချိုစာ၊ အငန်စာတွေက သင့်အရေပြား တင်းရင်းမှုကို ဖျက်ဆီးနေတဲ့ အဓိက တရားခံပါ။

(၅) လှုပ်ရှားမှု မရှိခြင်း
လှုပ်ရှားမှု မရှိတာကြောင့် သင့်ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု မကောင်းနိုင်ပါဘူး။ သွေးလှည့်ပတ်မှု မကောင်းတဲ့အခါ အရေပြားမှာရှိတဲ့ ဆံခြည်မျှင် သွေးကြောလေးတွေဆီကို သွေးသွားလာမှု နည်းသွားစေပါတယ်။ ဒီလို သွေးလှည့်ပတ်မှု နည်းတာက အရေပြားဆီကို အစာအာဟာရ ထောက်ပံ့မှုနည်းစေပြီး အရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရေပြား နုပျိုစေဖို့၊ ကျန်းမာစေဖို့  လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက သင့်အရေပြားအတွက် အကျိုးရှိစေပါတယ်။
Ref: Good Health

အထူးသတိထားရမဲ့ အသားအရေ ထိန်းသိမ်းနည်း အမှား ကိုးရပ်

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 6:29pm 


အမျိုးသမီးအများစု ဖြစ်ချင်တဲ့ ဆန္ဒတွေမှာ အပြစ်ကင်းစင်တဲ့ အသားအရေ ပိုင်ဆိုင်ဖို့ဆိုတဲ့ အချက်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါကြောင့် အသားအရေ လှပအပြစ်ကင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို  အမျိုးသမီးတွေက စူးစမ်းလေ့လာတတ်ကြပါတယ်။ အဲဒီအခါ အသားအရေနဲ့ ပတ်သက်ပြီး မလုပ်သင့်တဲ့ အမှားတွေကော၊ လုပ်သင့်တဲ့ အရာတွေပါ သိလာပြီး လက်တည့်စမ်းမိတတ်ကြပါတယ်။ မလုပ်သင့်တဲ့ အမှားတွေကို လုပ်ပြီးကာမှ အသားအရေ ထိခိုက်တာကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေဖို့ အောက်ပါအချက် ကိုးသွယ်ကို သတိထားစေချင်ပါတယ်။


သန့်စင်ရေးပစ္စည်းကို အလွယ်တကူ ဝယ်ခြင်း

အမျိုးသမီးအများစုက ကြေးချွတ်နိုင်ပြီး အစိုဓာတ်ထိန်းနိုင်တဲ့ သန့်စင်ရေးပစ္စည်းတွေကို ခပ်လွယ်လွယ်ပဲ ဝယ်တတ်ကြပါတယ်။ တကယ်တော့ ဓာတုပစ္စည်းနည်းပါးတဲ့ သန့်စင်ဆပ်ပြာကို ရွေးချယ် ဝယ်ယူသင့်တာပါ။ အထူးသဖြင့် ဆပ်ပြာထဲမှာ SD-40 နဲ့ isopropyl alcohol တို့ မပါဝင်တဲ့ အမျိုးအစားကို ရွေးချယ်ဝယ်ယူပါ။ ဒီအမျိုးအစားတွေက ဝက်ခြံဖြစ်လွယ်စေပြီး အရေပြား နီမြန်းခြောက်သွေ့မှုကို ဖြစ်စေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

မကြာခဏ ကြေးချွတ်ခြင်း

ကြေးချွတ်တာကို အလွန်အမင်း မလုပ်ပါနဲ့။ al-pha hydroxy acids ပါတဲ့  ကြေးချွတ်ပစ္စည်းတွေကို မကြာခဏ အသုံးပြုလွန်းရင် အရေပြားကို ရောင်ရမ်းမှု ဖြစ်စေနိုင်လို့ပါ။

မျက်နှာကို ပွတ်သပ်နေခြင်း

သင့်မျက်နှာ အပြစ်ကင်းစင်ချင်တယ်ဆိုရင် သင့်လက်တွေကို မျက်နှာနဲ့ မထိမိအောင် တတ်နိုင်သမျှ ရှောင်ပါ။ မဆေးကြောရသေးတဲ့ လက်နဲ့ မျက်နှာပေါ်က အဖုအပိမ့်တွေကို ထိတွေ့နေတာကြောင့် အမွေးအိတ်တွေ ထိခိုက်ကာ ဘက်တီးရီးယား ပျံ့နှံ့နိုင်ခြေ များပါတယ်။

အရေပြားကို အစိုဓာတ်ထိန်းမှု လွန်ကဲခြင်း

အရေပြား ခြောက်သွေ့တဲ့ အမျိုးသမီးတွေအနေနဲ့ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ်တွေ အလွန်အမင်း လိမ်းတာမျိုး ရှောင်ပါ။ ဒီလို အဆီတွေ လိမ်းလွန်းရင် ကြာလာတဲ့အခါ ချွေးပေါက် ပိတ်ဆို့တတ်ပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းတာကို မလွန်ကဲပါစေနဲ့။

သစ်သီး မစားခြင်း

ရေကို သောက်ရင် အသားအရေ ကြည်လင်လှပတယ်ဆိုတာ မှန်ပါတယ်။ ရေဟာ အရေပြားဆီ အောက်ဆီဂျင် ရောက်ရှိစေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အရေပြားကိုတော့ စိုပြည်မှု မဖြစ်စေနိုင်ပါဘူး။ အရေပြား စိုပြည်ချင်ရင် မရှိမဖြစ် ဖက်တီးအက်စစ်ပါတဲ့ ထောပတ်သီးလို အသီးအနှံတွေကို စားသင့်ပါတယ်။

ပြင်းသော နေရောင်ခြည်နှင့် အလွန်အမင်း ထိတွေ့ခြင်း

အပူရှိန်ပြင်းတဲ့ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြားကို အရွယ်မတိုင်ခင် အိုမင်းစေနိုင်ပါတယ်။ တချို့သူတွေမှာ ပြင်းထန်တဲ့ နေရောင်ခြည်ကို ကာကွယ်နိုင်ဖို့ သုံးတဲ့ နေကာခရင်မ်တချို့ကြောင့် ဝက်ခြံလို အဖုအပိမ့်တွေ ထွက်ရှိစေနိုင်ပါတယ်။ ဒါကြောင့် ချွေးပေါက်ပိတ်ပြီး အဖုအပိမ့်မဖြစ်အောင် ကာကွယ်ဖို့ ဇင့်နဲ့ တိုက်တေနီယမ်ပါတဲ့ နေကာခရင်မ်သုံးပါ။

မိတ်ကပ်လိမ်းပြီး အိပ်စက်ခြင်း

အပြစ်ကင်းစင်တဲ့ မျက်နှာအသားအရေ ပိုင်ဆိုင်ချင်ရင် ဘယ်တော့မှ (ဘယ်တော့မှ) မိတ်ကပ်လိမ်းပြီး မအိပ်သင့်ပါဘူး။ တကယ်လို့ မိတ်ကပ်လိမ်းပြီး အိပ်စက်အနားယူခဲ့ရင် တစ်ပတ်လောက်အတွင်း အသားအရေမှာ ပြဿနာဖြစ်လာစေနိုင်ပါတယ်။ မျက်နှာကို သေချာသန့်စင်ပြီးမှ ခေါင်းအုံးနဲ့ ခေါင်းကို ထိတွေ့သင့်ပါတယ်။

အိပ်ပျက်ခံခြင်း

အရေပြားဟာ အိပ်စက်အနားယူချိန်မှာ ပြန်လည်ပြုပြင် ထိန်းသိမ်းနေပါတယ်။ ဒါကြောင့် တစ်နေ့တာ အချိန်ဇယားမှာ အိပ်စက်တဲ့အချိန် အလုံအလောက်မပါဝင်ရင် သင့်အသားအရေက အလုံအလောက် ပြုပြင်ချိန်မရဘဲ ညစ်နွမ်း လျော့ရဲနေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပြီး လှလှပပ နိုးထပါ။

မိတ်ကပ်ကို မကုန်မချင်း ကြာရှည် အသုံးပြုခြင်း

သင့်မိတ်ကပ်တွေကို ဘယ်အချိန်ထိ အသုံးပြုသင့်တယ်၊ ဘယ်အချိန်မှာ လွှင့်ပစ်သင့်တယ်ဆိုတာ သင်သတိထားမိပါရဲ့လား။ အလှကုန်ပစ္စည်းတစ်ခုခုကို သက်တမ်း ကုန်နေသလားဆိုတာ ဂရုမစိုက်ဘဲ မကုန်မချင်း သုံးတတ်တဲ့ အကျင့်ရှိရင် ပြင်ဆင်သင့်နေပါပြီ။ မိတ်ကပ်လိမ်းရာမှာသုံးတဲ့ ကိရိယာ (ဥပမာ-တို့ဖတ်ပဝါ၊ ဘရပ်ရှ်)စတာတွေကိုလည်း စနစ်တကျ သန့်စင်သင့်ပါတယ်။ ဖောင်ဒေးရှင်း မိတ်ကပ်ကို ခြောက်လထက်ပိုပြီး မသုံးသင့်ပါဘူး။
ဇွန်
Ref:Good Health
Source:http://news.yatanarpon.com.mm/news/news-62560

အမျိုးသားများတွင် အဖြစ်များသော ဟောက်ခြင်း

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 5:28pm

ဟောက်သံထွက်တာဟာ မိမိနဲ့အတူ အိပ်စက်သူကို အိပ်ရေးပျက်အောင် အနှောင့်အယှက် ပေးနိုင်တဲ့အတွက် စိတ် ကသိကအောက်ဖြစ်စရာ ပြဿနာ တစ်ရပ်ပါ။ အမျိုးသားတွေမှာ အဖြစ်များတဲ့ ဟောက်ခြင်းအကြောင်း လေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။


ဘာကြောင့်ဖြစ်ရတာလဲ

ဟောက်ခြင်းဟာ ပါးစပ်ထဲက တစ်သျှူး ပျော့တွေ တုန်ခါမှုကြောင့် ဖြစ်ရတာပါ။ အာခေါင်ပျော့၊ အာသီးနဲ့ လျှာအခြေအားလုံးဟာ တုန်ခါမှုမှာ ပါဝင်နေပါတယ်။
“တစ်သျှူးပျော့ဟာ အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သွားစေပြီး ဟောက်ခြင်း ဖြစ်စေပါတယ်။ တချို့လူတွေမှာတော့ အသက်ရှူရတာ ခက်ခဲမှုကြောင့် ဟောက်ရတာပါ” လို့ အိပ်စက်ခြင်းအကြောင်းအထူးကု Dr Kenny Pang က ဆိုပါတယ်။
ကိုယ်အလေးချိန်များတဲ့သူတွေဟာ အသက်ရှူရခက်ခဲတဲ့ ပြဿနာပိုမို ဖြစ်ပေါ်တတ် ပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ အသက်ရှူလမ်းကြောင်းဟာ တစ်သျှူးပျော့တွေနဲ့ ပိတ်ဆို့မှု ပိုမိုရှိနိုင်တာကြောင့်ပါ။
ဒါပေမဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆိုမှုပိုများတာကြောင့်တော့ ဟောက်သံ ကျယ်ကျယ် ထွက်ရတာ မဟုတ်ပါဘူး။ အသက်ရှူလမ်းကြောင်း လုံးဝပိတ်ဆို့သွားရင် အသံမထွက် တော့သလို ဟောက်ခြင်းလည်း မရှိတော့ပါဘူး။
ဒါကြောင့် ဇနီးသည် တွေအနေနဲ့ ကိုယ့်ရဲ့ အမျိုးသားဟာ ဟောက်သံထွက်နေရာကနေ ရုတ်တရက်ရပ်သွားတဲ့အခါ စိတ်ပူပန်တတ်ကြပါတယ်။ ဟောက်သံ မှန်မှန်ထွက်နေတာက သူအသက်ရှင်နေတယ်ဆိုတာ သိနေတာကြောင့်ပါ။

ဟောက်သံလျော့သွားအောင် ဘာလုပ်ပေးနိုင်သလဲ

- ကိုယ်အလေးချိန်များတာဟာ ဟောက်ခြင်းကို ဖြစ်စေတယ်ဆိုရင် ကိုယ်အလေးချိန် လျှော့ချပေးတာက ဟောက်သံလျော့ပါးအောင် ကူညီနိုင်ပါတယ်။
- အိပ်တဲ့အခါ ဘေးတစောင်းအိပ်တာဟာလည်း လျှာနဲ့ အာခေါင်ပျော့ကို နောက်ပြန် မကျအောင် ကာကွယ်ပေးထားနိုင်တဲ့အတွက် ဟောက်သံလျော့ပါးစေပါတယ်။
- အရက်ကို အလွန်အကျွံမသောက်သင့်ပါဘူး။

ဆရာဝန်နှင့် ပြသသင့်သလား

လူအများစုဟာ ဟောက်ခြင်းကို ဆေးဘက်ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ်ထက် စိတ်ကသိကအောက်ဖြစ်စရာ အနှောင့်အယှက်တစ်ခုအဖြစ်ပဲ သဘောထားကြပါတယ်။ တကယ်တော့ ဟောက်ခြင်းဟာ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးကို ရရှိစေနိုင်တဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတစ်ရပ်ပါ။
အိပ်စက်နေစဉ်အတွင်း ခေတ္တအသက်ရှူရပ်သွားတာကို Sleep Apnoea လို့ခေါ်ပါတယ်။ ဒီလိုဖြစ်ရင် အိပ်စက်နေစဉ်အတွင်း အောက်ဆီဂျင် ပမာဏလျော့ကျ သွားတာကြောင့် နှလုံးနဲ့ ဦးနှောက်ကို ဖိစီးမှုဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ သွေးဖိအား မြင့်တက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါထခြင်း (Heart Attack) နဲ့ ရုတ်တရက် သေဆုံးခြင်း အထိတောင် ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် သင်ဟာ နေ့ဘက်မှာ ထုံးစံမဟုတ်ဘဲ အိပ်ငိုက်နေရင်၊ အလုပ်ကိစ္စတွေမှာ အာရုံစိုက်နိုင်စွမ်းနည်းနေရင်၊ သန်းခေါင်ယံအချိန်လောက်မှာ အသက်ရှူကျပ်သလို ခံစားနေရရင်နဲ့ အသက်ရှူမဝရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Ref : Good Health

အူမကြီးကင်ဆာကို ၇၅ ရာခိုင်နှုန်း လျော့ကျနိုင်စေမည့် သဘာဝအစားအစာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 5:02pm 

အစိမ်းရောင် သဘာဝအပင်များ

Harvard တက္ကသိုလ်မှ လေ့လာမှု အကြံပြုချက်အရ ဆလတ်ရွက် နေ့စဉ်စားသူတွေဟာ အူမကြီးကင်ဆာဖြစ်နှုန်း ၇၅ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဆိုလိုပါတယ်။ လေ့လာမှုအရ အစိမ်းရောင်အရွက်တွေမှာ ပါဝင်တဲ့ Carotenoids နဲ့ စွမ်းအင်ပြည့် အင်ဒီအောက်ဆီးဒင့်တွေက အူနံရံက ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး ကင်ဆာဖြစ်စေတဲ့ အရာတွေကို ချေဖျက်ပေးနိုင်စွမ်းရှိတာ ကြောင့်ပါ။ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ဂေါ်ဖီစိမ်းထုပ်တွေမှာ Carotenoids တွေ ပါဝင်ပါတယ်။


 ကော်ဖီသောက်ပါ

လေ့လာမှုအရ ကော်ဖီတစ်နေ့ သုံးခွက်သောက်တာဟာ တခြားအစားအစာ စားသုံးမှုပုံစံနဲ့ ဘ၀နေထိုင်မှုပုံစံကို မပြောင်းလဲရင်သာ ရောဂါတွေဖြစ်မှုနှုန်းကို ၃၀ ရာခိုင်နှုန်းလောက် လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဒါကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှစ်မျိုးဖြစ်တဲ့ Chlorogenic နဲ့ Caffeic acids တွေဟာ ကျန်းမာရေးကို အံ့သြလောက်အောင် အကျိုးရှိစေတာကြောင့်လို့ ဆိုပါတယ်။

သစ်ကြားသီးစားပါ

ဂျပန်နိုင်ငံ Nagoya တက္ကသိုလ်မှ လေ့လာမှုတွေအရ သစ်ကြားသီးကို တစ်နေ့ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ စားပေးတာဟာ အူမကြီးကင်ဆာကို ၄၆ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ Omega-3 ကြွယ်ဝစွာ ပါဝင်တဲ့ သစ်ကြားသီးဟာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို ချေဖျက်ပေးနိုင်တာကြောင့်ပါ။

ကယ်လ်စီယမ်မှိဝဲပါ

လေ့လာမှုအရ ကယ်လ်စီယမ်က ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆီတွေကို ထိန်းချုပ်ပေးနိုင်ပြီး အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ နွားနို့ ရှစ်အောင်စ၊ ဒိန်ချဉ်ခြောက်အောင်စနဲ့ ချိစ် တစ် အောင်စတွေမှာ ကယ်လ်စီယမ် ၃၀၀ မီလီဂရမ်စီ ပါဝင်ကြပါတယ်။ လူတစ်ယောက်အတွက် ကယ်လ်စီယမ် တစ်နေ့ ၆၀၀ ကနေ ၁၀၀၀ မီလီဂရမ်အထိ လိုအပ်ပါတယ်။

ကြက်သွန်နီစားပါ

ကြက်သွန်နီထဲမှာ သဘာဝနည်းအရ ကင်ဆာကို တိုက်ထုတ်ပေးနိုင်တဲ့ Sulfur နဲ့ Quercetion တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာလောက် စားပေးသင့်ပါတယ်။

Tips!

အသင့်ပြုလုပ်ထားတဲ့ အစားအစာဖြစ်တဲ့ ဟော့ဒေါ့၊ Sausugesနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသားတွေဟာ အူမကြီးကင်ဆာဖြစ်နှုန်းကို မြင့်မားစေတာကြောင့် အနီရောင်အသားနဲ့ ပင်လယ်စာတွေကိုသာ ရွေးချယ်ပေးသင့်ပါတယ်။
Ref: Good Health

ခေါင်းတစ်ခြမ်းကိုက်ရောဂါဘယ်တော့မှ မဖြစ်ရလေအောင်

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 4:46pm 


အမျိုးသမီးလေးယောက်မှာ အနည်းဆုံးတစ်ယောက်ခန့်ဟာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ပုံမှန်ခံစားရလေ့ ရှိပါတယ်။ လေ့လာမှုတွေအရ ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ ၉၁ ရာခိုင်နှုန်းဟာ ထိထိရောက်ရောက် သက်သာမှု မရရှိဘူးလို့ သိရပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာမခံစားရအောင် အောက်ပါတို့ကိုပြုလုပ်ကြည့်ပါ။


နံပါတ်တစ် လှုံ့ဆော်သည့်အရာကို ရပ်တန့်လိုက်ပါ

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်စေတဲ့ အကြောင်းအရင်းနံပါတ်တစ်ဟာ စိတ်ဖိစီးမှုပါ။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်တတ်တဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုများလွန်းရင် တစ်ပတ်အတွင်း ခုနစ်ကြိမ်ခန့် attack ရနိုင်ပါတယ်။ ဒါပေမဲ့ နေ့စဉ် မိနစ်၃၀ခန့် ဖိစီးမှုဖြေလျှော့တဲ့ နည်းလမ်းတွေ အသုံးပြုခဲ့ရင် attack ဖြစ်ချိန် ထက်ဝက်ခန့် လျော့သွားပါတယ်။ စိတ်ဖိစီးမှုလျော့ကျတဲ့ နည်းလမ်းကို ပုံမှန်အသုံးပြုတာကြောင့် နာကျင်မှုဖြစ်အောင် လှုံ့ဆော်တဲ့ ဖိစီးမှုဟော်မုန်း ထုတ်လုပ်မှု လျော့ကျနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ရေနွေးနဲ့ရေစိမ်ချိုးတာ၊ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်တာ၊ စာရေးတာလိုမျိုး ဖိစီးမှုလျော့ကျစေတာတွေကို ပြုလုပ်ပေးပါ။

အဓိက ရောဂါလက္ခဏာများကို ဆရာဝန်အားပြောပြပါ

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားရသူတွေအားလုံးရဲ့ ထက်ဝက်နီးပါးလောက်သာ တိကျတဲ့ရောဂါ သတ်မှတ်တာကို ရရှိပြီး ကျန်သူတွေဟာ သူတို့ကိုယ်သူတို့ ဖိစီးမှုကြောင့် ခေါင်းကိုက်တာ(Tension Headache)လို့ ထင်မှတ်ကြတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် ရောဂါအမှန်သိရှိဖို့ အောက်ပါလက္ခဏာတွေ တစ်ခုခု သင့်မှာ ရှိနေရင် ဆရာဝန်ကိုပြောပြပါ။
- လေးနာရီမှ ၇၂နာရီ ကြာတဲ့အထိ ခေါင်းကိုက်နေရင်
- ထိုးထိုးပြီး ခေါင်းကိုက်နေရင် (သွေးတိုးနေသလို)
- အလင်းရောင် ဒါမှမဟုတ် အသံဒဏ်ကို မခံနိုင်ရင်
- ခေါင်းကိုက်နေစဉ် ပျို့လာရင်

Attack ဖြစ်ချိန်လျော့အောင် ဗီတာမင် B သောက်ပါ

ဗီတာမင် B2 ၄၀၀ မီလီဂရမ်ကို နေ့စဉ်သောက်ပေးရင် အမျိုးသမီး ၁၀ ယောက်မှာ ခုနစ်ယောက်ခန့်ဟာ attack ဖြစ်ချိန် ထက်ဝက်ခန့် လျော့နည်းသွားတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဗီတာမင် B2 (Riboflavin)ဟာ ဦးနှောက်ဆဲလ်တွေကို adaptable ဖြစ်အောင် ကူညီနိုင်တာမို့ ဟော်မုန်းနဲ့ သွေးတွင်းသကြားဓာတ် မြင့်လိုက်၊ နိမ့်လိုက် ဖြစ်နေရင် ခေါင်းကိုက်အောင် မလှုံ့ဆော်နိုင်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။

အစားအစာနှင့် ရောင်ရမ်းမှု လျော့အောင် ပြုလုပ်ပါ

သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ အစာတွေကို များများစားပြီး ဆီကြော်စာတွေကို ဖြတ်ထားရင် ခေါင်းတစ်ခြမ်းကိုက်နိုင်ခြေ ၇၁ရာခိုင်နှုန်း လျော့နည်းတယ်လို့ သုတေသနအရ သိရပါတယ်။ ကောက်နှံတစ်ခုလုံးမှ ရောင်ရမ်းမှု လျှော့ချနိုင်သော သဘာဝပစ္စည်း တစ်ရာကျော် ပါဝင်တာမို့ နာကျင်မှု့ဖြစ်အောင် လှုံဆော်မယ့် ရောင်ရမ်းမှုတွေ လျော့ကျသွားတယ်လို့ သုတေသီတွေက ဆိုပါတယ်။
Ref:Good Health

ကိုယ်အလေးချိန် ကျဆင်းနိုင်သော အစားအစာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 3:47pm 


နောက်ဆုံးလေ့လာမှုတွေအရ တချို့အစားအစာတွေဟာ ဆာလောင်မှုကို ပျောက်ကင်းစေပြီး ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်ကာ အဆီတွေမြန်မြန် လောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။ အောက်ပါအစားအစာတွေကို ကြည့်ပြီး သင့်ခန္ဓာကိုယ်အလေးချိန် ၁၀ ပေါင်၊ ပေါင် ၂၀၊ ပေါင် ၃၀ ဒါမှမဟုတ် ဒီပေါင်ချိန်တွေထက် ပိုလျော့အောင် ပြုလုပ်ပါ။



၁။ အစာစားချင်စိတ် လွန်ကဲမှုပျောက်ကင်းအောင် ငရုတ်သီးစားပါ
လေ့လာမှုတစ်ခုအရ ဇွန်းတစ်ဝက်စာ ငရုတ်သီးမှုန့်ပါဝင်တဲ့ စွပ်ပြုတ်ရည်သောက်သူတွေဟာ အချိုစာ၊ အဆီစာနဲ့ အငန်စားချင်စိတ် လွန်ကဲမှု ထက်ဝက်ခန့် လျော့သွားတာကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် လေးနာရီအတွင်း ၁၀ ကယ်လိုရီ ပိုမိုလောင်ကျွမ်းနိုင်တာမို့ တစ်နှစ်အတွင်း နှစ်ပေါင်လျော့ကျသွားနိုင်ပါတယ်။


အဆီလောင်ကျွမ်းမှု လျှို့ဝှက်ချက်
ငရုတ်သီးမှာပါတဲ့ Capsaican တွေဟာ (ပူတဲ့ အရသာပေးတဲ့ ဒြပ်ပေါင်းပါ) ဦးနှောက်နဲ့ လည်ပင်းကို ပေးပို့တဲ့ အာရုံကြော (Trigeminal Nerve) ကို လှုံဆော်ပေးမှုကြောင့် ခံတွင်းလိုက်အား ပြောင်းလဲကာ ဇီဝရုပ်ဖြစ်ပျက်နှုန်း တိုးတက်လာတာကြောင့်လို့ သုတေသီတွေက ဆိုပါတယ်။
Tips!

ရှလကာရည် အသုံးပြုနိုင်ပါတယ်။
လေ့လာမှုပြုလုပ်ရာမှာ ပါဝင်သူတွေဟာ ရှလကာရည် နှစ်ဇွန်းမှ သုံးဇွန်း ပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်တဲ့ အစာစားသူတွေရဲ့ အင်ဆူလင် မြင့်တက်လာနှုန်းဟာ ရှလကာရည်မပါဝင်ဘဲ သူတို့နဲ့ တူညီတဲ့ အစားအစာတွေ စားသုံးသူတွေထက် ၂၅ ရာခိုင်နှုန်း လျော့ကျတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အင်ဆူလင် အဆင့်နည်းတာဟာ စားချင်စိတ်နဲ့ ဆာလောင်မှုကို လျော့ကျစေတာကြောင့်ပါ။

၂။ ဗိုက်ပြည့်တာမြန်အောင် ချယ်ရီသီးစားပါ။
အစာစားပြီးလို့မှ မကြာခင်မှာ ဗိုက်ဆာသလို ဖြစ်နေသလား၊ အိပ်ရေးမဝတဲ့ အတွက် ခန္ဓာကိုယ်တွင်းမှာ Leptin အဆင့်တွေ ကျဆင်းနေတာကြောင့်ပါ။ Leptin ဆိုတာဟာ သင့်ဗိုက်ပြည့်တင်းတာကို သိရှိနိုင်တဲ့ဟော်မုန်းပါ။ ချယ်ရီသီးဖျော်ရည် သောက်ပေးရင် ဆာလောင်တာ လျော့သွားနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

အစာစားချင်စိတ် လျော့နည်းရခြင်း၏ လျှို့ဝှက်ချက်
ချယ်ရီသီးမှာ မယ်လတိုနင်တွေ များစွာပါဝင်ပါတယ်။ မယ်လတိုနင်ဆိုတာဟာ သင်မြန်မြန်အိပ်ပျော်စေနိုင်တဲ့ ဟော်မုန်းပါ။ ဒါ့အပြင် ချယ်ရီသီးမှာ ရောင်ရမ်းမှု ပျောက်စေတဲ့ ဒြပ်ပေါင်းတွေ များစွာပါဝင်တာမို့ နာကျင်ညောင်းညာတဲ့ဝေဒနာတွေ ပျောက်ကင်းစေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါတယ်။
Tips!

စိုးရိမ်စိတ်ကြောင့် အိပ်မပျော်ဖြစ်နေသလား။
စိုးရိမ်စိတ်ပျောက်ကင်းအောင် Passion Flower (ပင်မှည့်သီးပွင့်) လက်ဖက်ရည်သောက်ပေးပါ။ အိပ်မပျော်သူတွေဟာ နေ့စဉ် ပင်မှည့်သီးဖျော်ရည်ကို တစ်ပတ်သောက်တာကြောင့် မြန်မြန်အိပ်ပျော်နိုင်ပြီး ညဘက်တစ်ရေးနိုးတဲ့ အကြိမ်လျော့သွားတယ်လို့ သိရပါတယ်။ အဲ့ဒီဖျော်ရည်ဟာ စိတ်ချမ်းသာစေတဲ့ ဟော်မုန်း(dopamine) အဆင့်ကို မြင့်တက်စေနိုင်လို့ပါ။
Ref: Good Health

Friday, 4 January 2013

အမျိုးသားကျန်းမာရေးအတွက် သင့်လျော်သော အာဟာရဓာတ်များ

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 5:58am

ပျမ်းမျှအားဖြင့် အမျိုးသားတွေရဲ့ ဘဝသက်တမ်းက အမျိုးသမီးတွေ ထက် ငါးနှစ်ပိုနည်းလေ့ ရှိပါ တယ်။ အမျိုးသားတွေက စိတ်ဖိစီးမှု အဆင့်မြင့်မားပြီး ကျန်းမာရေး စောင့်ရှောက်မှုခံယူဖို့ ပိုမိုနှောင့်နှေး တွန့်ဆုတ်တတ် တဲ့အတွက် ကျန်းမာရေး ထိခိုက်မှု ဖြစ်လွယ်ရတာပါ။ အမျိုးသား ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတဲ့ အချက်တွေထဲမှာ သင့်တော်တဲ့အစာ၊ အာဟာရနဲ့ လေ့ကျင့်ခန်းတွေ ပါဝင်နေပါတယ်။ အမျိုးသားတွေရဲ့ အာဟာရ လိုအပ်ချက်က အမျိုးသမီးတွေနဲ့ မတူပါဘူး။


မဂ္ဂနီဆီယမ်

အမျိုးသားတွေက အစာစားတဲ့ အလေ့အထကို မှန်ကန်အောင် ပြောင်းလဲနိုင်ရင် ကျန်းမာရေး သိသိသာသာ ကောင်းမွန်လာနိုင်ပါတယ်။ မဂ္ဂနီဆီယမ် အများအပြားပါဝင်တဲ့ အစားအသောက်တွေက အူမကြီးကို ကျန်းမာစေပါတယ်။ စပျစ်သီးခြောက်၊ ပဲပုပ် စေ့၊ မုန်လာဥနီနဲ့ စွန်ပလွံသီးတွေမှာ မဂ္ဂနီဆီယမ် အများအပြား ပါဝင်ပါတယ်။

အမျှင်ဓာတ်

အမျိုးသားတစ်ဦးဟာ တစ်နေ့မှာ သစ်သီးနဲ့ဟင်း သီးဟင်းရွက် ငါးကြိမ် စားသင့်ပါတယ်။ အမျှင်ဓာတ်ဟာ အမျိုးသားတွေအတွက် မရှိမဖြစ် အရေးပါပြီး တစ်နေ့တာ အစားအစာထဲမှာ အမျှင်ဓာတ် ၂၅ ဂရမ် ပါဝင်သင့်ပါတယ်။ အခွံချွတ်မထားတဲ့ ကောက် နှံစာ၊ ပဲပုပ်စေ့၊ ဂရိတ်ဖရုသီးတွေမှာ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။

လိုင်ကိုပင်းဓာတ်

ခရမ်းချဉ်သီးက နှလုံးကျန်းမာရေးကို ကောင်း မွန်စေရုံသာမက သွေးကြောအိုမင်းမှု၊ နှလုံးရောဂါ၊ လေဖြတ်တာ၊ မှတ်ဥာဏ်ဆုံးရှုံးမှု၊ ပန်းသေတာနဲ့ အရေးကြောင်းထင်တာတို့ကို ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ဟာ ကင် ဆာကို တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။ ခရမ်းချဉ် သီးကို ဟင်းချက်လိုက်တဲ့အခါမှာ လိုင်ကိုပင်းပမာဏ ပိုမိုတိုးမြင့်လာပါတယ်။

ဖောလိတ်ဓာတ်

ဖောလိတ်ဓာတ်က ကင်ဆာကို တွန်းလှန်နိုင်တဲ့ အရာပါ။ လိမ္မော်ရည်၊ ဟင်းနုနယ်ရွက်နဲ့ တခြား အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေထဲမှာ ဖောလိတ် ဓာတ်ပါဝင်ပါတယ်။ ဖောလိတ်ဓာတ်က သွေးကြော ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးဖိအားကို မှန်ကန်စေပါတယ်။

အိုမီဂါ ၃ အဆီ

အိုမီဂါ ၃ အဆီပါဝင်တဲ့ အခွံမာသီးတွေက နှလုံးကို ကျန်းမာစေပါတယ်။ သီဟိုဠ်စေ့၊ ဗာဒံစေ့ စတဲ့ အခွံမာအစေ့အဆန်တွေမှာ အိုမီဂါ ၃ အဆီပါ ဝင်ပါတယ်။ တီလာပီးယား၊ ဆယ်လ်မွန်ငါးစတဲ့ ငါးတွေက စားသင့်တဲ့ ငါးတွေပါ။ အမျိုးသားတွေ အနေနဲ့ ကျန်းမာရေးကောင်းမွန်ဖို့ရာအတွက် တစ် ပတ်မှာ သုံးကြိမ်ခန့် ငါးစားပေးသင့်ပါတယ်။

ရေဓာတ်

အူမကြီးရဲ့ လုပ်ငန်းဆောင်တာ ကောင်းမွန်ဖို့ အတွက် ရေဓာတ်ပြည့်ဝဖို့ လိုပါတယ်။ ရေဓာတ်ပြည့် ဝတာက အရေးကြောင်းတွေကို ကင်းစင်စေပါတယ်။

ရက်စ်ဗာရထရော

စပျစ်ဝိုင်မှာပါတဲ့ ရက်စ်ဗာထရောဟာ အင်တီ အောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့အတွက် အသားအရေ ကို ကျန်းမာစေပါတယ်။ ကဖင်းဓာတ် ကော်ဖီကို အသင့်အတင့်သောက်တာက သင့် ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါက အသည်းကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပြီး အယ်လ်ဇိုင်းမား နဲ့ပါကင်ဆန်ရောဂါလက္ခဏာတွေကို သက်သာစေလို့ပါ။

ဗီတာမင်ဒီ

ဗီတာမင်ဒီက ကင်ဆာကို တွန်းလှန်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဗီတာမင်ဒီရရှိအောင် နေခြည်နုနုခံ ယူပါ။ နေခြည်နုနု မရရှိတဲ့ နေ့ရက်တွေမှာ နွားနို့ ဒါမှမဟုတ် လိမ္မော်ရည်သောက်ပါ။
ကေအမ်
Ref:Good Health

လှုပ်ရှားမှုနည်းသော နေထိုင်မှုပုံစံကြောင့် သင့်ကျန်းမာရေးကို ထိခိုက်နိုင်သည်များ

 by ပိုပိုဇော်(သဘာဝအားအင်) on Saturday, January 5, 2013 at 4:43am

အထိုင်များတာက သင့်ကျန်းမာရေး အတွက် မကောင်းသလို မတ်တတ် ရပ်တာ များရင်လည်း ခြေသလုံး ကြွက်သားတွေ တောင့် တင်းတာ၊ ခြေဖဝါးတွေ ကျိန်းတာ၊ ခြေဖနောင့်နာတာတွေ ခံစား ရနိုင်တာကြောင့် သင့်တစ်နေ့တာမှာ မတ်တတ်ရပ်တာနဲ့ ထိုင်တာကို မျှခြေဖြစ်အောင် ကြိုးစားပါ။ လေ့ကျင့်ခန်း မလုပ်တဲ့အခါ သင့်ခန္ဓာ ကိုယ်က ကြွက်သားတွေ တောင့်တင်းနေတာကြောင့် တက်ကြွ လန်းဆန်းမှုမရှိ ဖြစ်နေတတ်ပါတယ်။

 တစ်နေ့ ငါး-ခြောက်ကြိမ် လောက် ခန္ဓာကိုယ်ကို အကြော ဆန့်ပေးတာမျိုး လုပ်ဆောင်ပေးပါ။ ရုံးတွင်းမှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ထိုင်ရာက မထဘဲ စကား လှမ်းပြောမယ့်အစား နေရာ အရောက်သွားပြီး စကားပြောဆိုပါ။ ဖုန်း ပြောတဲ့အခါ လမ်းလျှောက်ပြီး ပြောပါ။ သင့်တစ်နေ့တာ အချိန်တွေမှာ လှုပ်ရှားဆောင်ရွက် နေတာထက် ထိုင်နေတဲ့အချိန်က ပိုများနေပါ သလား။
လှုပ်ရှားမှုနည်းတာကြောင့် အဝလွန်တာ၊ သွေးတိုးတာတွေအပြင် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေများစေပါတယ်။ ဒါ့အပြင် တခြား ဖြစ်နိုင်ခြေများတဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ဖြေရှင်းနည်းတွေကို ရေးသားလိုက်ပါတယ်။

(၁) နောက်ကျောနာကျင်ခြင်း

လှုပ်ရှားမှုနည်းတာကြောင့် နောက် ကျောနာကျင်မှုကို ဖြစ်စေတယ်လို့ နော် တင်ဟမ်တက္ကသိုလ်မှ အားကစားနဲ့ ဆေးပညာဆရာဝန် ဒေါက်တာ တင်ဘိတ်ကာက ပြောပါတယ်။ တက်ကြွလှုပ်ရှားတဲ့ နေ ထိုင်မှုပုံစံက သွေးလှည့်ပတ်မှုကောင်းပြီး ကြွက်သားနဲ့ အရွတ်တွေရဲ့ လုပ်ဆောင်မှု တွေကိုလည်း ကောင်းစေပါတယ်။ လှုပ်ရှား မှုနည်းတာက ကြွက်သားတွေရဲ့ တောင့် တင်းအားကို လျော့နည်းစေပြီး နောက်ကျော နာကျင်မှုကို ဖြစ်စေပါတယ်။ သင်က လှုပ်ရှားမှုနည်းလို့ နောက်ကျောနာ ကျင်တဲ့ဝေဒနာကို ခံစားနေရတယ်ဆိုရင်တောင် လှုပ်ရှားမှုများတဲ့ နေထိုင်မှု ပုံစံကို ပြောင်းလဲနေ ထိုင်မယ်ဆိုရင် နာကျင်မှု ဝေဒနာတွေ လျော့နည်း သက်သာနိုင်ပါ တယ်။

(၂) အဝလွန်ခြင်း

အဝလွန်တဲ့လူတွေက လှုပ်ရှားမှု နည်းကြပြီး လှုပ်ရှားမှုနည်းတဲ့လူတွေက အဝလွန်တတ်ကြပါတယ်။ အဝလွန်တာနဲ့ လှုပ်ရှားမှုနည်းတာက ကြက်ဥနဲ့ ကြက်မ ဘယ်ဟာက အရင်ဖြစ်တာလဲ ဆိုတာလိုပဲ ပြောရခက်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားတာတွေနဲ့ ကိုယ်အလေးချိန်ကို ထိန်း သိမ်းနိုင်ပါတယ်။

(၃) ကြွက်သားများ ပျော့တွဲလာခြင်း

အချိန်ကြာရှည်စွာ ထိုင်တာက ကြွက်သားတွေပျော့တွဲလာစေပါတယ်။ ကြွက်သားတွေကို အသုံးမပြုတာ ကြာ လာတဲ့အခါ ကြွက်သားရဲ့ တောင့်တင်း အား ကျဆင်းလာပါတယ်။ ဒါကြောင့် ကြွက်သားတွေ တောင့်တင်းသန်မာလာ စေဖို့ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ငါး ပါတယ်။

(၄) နှလုံးတိုက်ခိုက်ခံရခြင်း

သင်က လှုပ်ရှားမှုနည်းပြီး အထိုင် များတာကြောင့် ခန္ဓာကိုယ်တွင်းမှာ သွေး လှည့်ပတ်မှုနည်းသွားတာက နှလုံးတိုက် ခိုက်ခံရနိုင်ခြေ များစေပါတယ်။ နှလုံးက ကြွက်သားတွေနဲ့ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေရောက်ရှိဖို့အ တွက် ညှစ်ထုတ်ပေးပါတယ်။ လှုပ်ရှားမှု နည်းတာကြောင့် နှလုံးကြွက်သားတွေ လည်း အားနည်းလာပါတယ်။ နှလုံး ကြွက်သားတွေ သန်မာဖို့အတွက် ရေကူး တာ၊ ရွရွပြေးတာ၊ လမ်းလျှောက်တာ၊ လှေကားတက်တာနဲ့ ဥယျာဉ်ခြံစိုက်ပျိုး တာတွေကို လုပ်ဆောင်သင့်ပါတယ်။

(၅) လေဖြတ်ခြင်း

လှုပ်ရှားတက်ကြွမှုရှိတဲ့ နေထိုင်မှုပုံ စံကြောင့် လေဖြတ်နိုင်ခြေလျော့နည်းနိုင် ပါတယ်။ နှလုံးရောဂါရှိသူ၊ ကိုယ်အလေး ချိန်များသူ၊ လှုပ်ရှားမှု မရှိသူ၊ သွေးတိုးရှိ သူနဲ့ ဆေးလိပ်သောက်သူတွေဟာ လေ ဖြတ်နိုင်တဲ့ အခွင့်အလမ်းများသူတွေပါ။ ဆေးလိပ်ဖြတ်တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ် ဆောင်တာတွေနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

(၆) ကင်ဆာဖြစ်ခြင်း

လှုပ်ရှားတက်ကြွမှုမရှိတာကြောင့် ရင်သားကင်ဆာ၊ အူကင်ဆာနဲ့ သားအိမ် ကင်ဆာဖြစ်ပွားမှုကို များစေပါတယ်။ အင်္ဂလန်နိုင်ငံမှာ လှုပ်ရှား တက်ကြွတဲ့နေ ထိုင်မှုပုံစံကြောင့် ကင်ဆာဖြစ်ပွားနိုင်ခြေ ကို လျှော့ချနိုင်တာကို တွေ့ရပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်တာကြောင့် ကိုယ်တွင်းအဆီတွေကို လျှော့ချပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါ

လှုပ်ရှားမှုနည်းတာကြောင့် သွေး တွင်း အင်ဆူလင်ပမာဏကို လျော့နည်း စေပြီး အမျိုးအစား၂ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်ခြေများပါတယ်။ လေ့ကျင့်ခန်း ကို တစ်နေ့ မိနစ် ၂၀နဲ့ တစ်ပတ် ငါးကြိမ် ပြုလုပ်ဖို့ လိုပါတယ်။

(၈) စိတ်ဓာတ်ကျခြင်း

Bristol တက္ကသိုလ်မှ သုတေသီတွေက လှုပ်ရှားမှုမရှိသူတွေဟာ စိတ်ဓာတ်ကျ ရောဂါဖြစ်ပွားနိုင်ခြေ နှစ်ဆခန့် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ လှုပ်ရှား မှုရှိသူတွေဟာ ခန္ဓာကိုယ်ကနေ ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိတာကြောင့် စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

(၉) အယ်လ်ဇိုင်းမားရောဂါ

ချီကာဂိုတက္ကသိုလ်မှ လေ့လာသူ တွေက လေ့ကျင့်ခန်းလုပ်ဆောင်မှုနဲ့ အယ်လ်ဇိုင်းမားရောဂါ ဆက်စပ်မှုရှိတယ် လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ လှုပ် ရှားမှုမရှိတဲ့လူတွေဟာ လှုပ်ရှားမှုရှိသူတွေ ထက် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင် ခြေ ၄၅ ရာခိုင်နှုန်း ပိုမိုတာကို တွေ့ရှိခဲ့ပါ တယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက သက်ကြီးသတိမေ့ရောဂါဖြစ်ပွားမှုကိုပါ လျှော့ချနိုင်ပါတယ်။ မျိုးရိုးမှာ အယ်လ် ဇိုင်းမားရောဂါရှိသူ ရှိပါက လှုပ်ရှားမှုများ တဲ့နေထိုင်မှုပုံစံနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချသင့်ပါတယ်။

(၁၀) အရိုးပါးရောဂါ

အရိုးသိပ်သည်းဆနည်းလာပြီး ကြွပ်ဆတ်လာတာကြောင့် အရိုးကျိုးနိုင် ခြေများလာပါတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်း ပြုလုပ်တာ တွေသာ မလုပ်ဆောင်ဘူးဆိုရင် အရိုးပါးလာပြီး ကျိုးနိုင်ခြေ များပါတယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Ref:Good Health

ချစ်စရာ့ဆံပင်လေးတွေဖြစ်စေချင်လို့ပါ

by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 1:54pm 



ချစ်စရာ့ဆံပင်လေးတွေ

၁။ Silicon သုံးပြီး ဆံပင်ထူအောင် ဖန်တီးပါ။

ဆံပင်နဲ့ ပတ်သက်ပြီး မိန်းကလေးတွေ အများဆုံး ညည်းကြတဲ့အထဲမှာ ဆံပင်ပါးခြင်းကလည်း ပြဿနာတစ်ခုပါ။ အဲဒါ ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို သိတဲ့မိန်းကလေးကလည်း နည်းနည်းပါးပါးပဲ ရှိပါတယ်။ ခေါင်းလျှော်ပြီးတိုင်း ဆံပင် ပျော့ဆေးတွေကို အများကြီးသုံးတာဟာ ဆံပင်ကို အုံမထူစေဘဲ နူးညံ့ပျော့ပျောင်းစေတာပဲ ရှိပါတယ်။ ကောင်းတာကတော့ Silicon ပါတဲ့ ဆံပင်ပျော့ဆေးကို ရွေးသုံးပါ။ Silicon လို့ ပြောလိုက်တာနဲ့ သင်ဘာကို စဉ်းစားမိပါသလဲ။ 

Silicon ပေါင်း မြောက်များစွာရှိပါတယ်။ ရော်ဘာအတုလုပ်တဲ့ Silicon ၊ မိတ္တူကူးရာမှာသုံးတဲ့ Silicon ရည်၊ အိမ်ကို ပေါ်လစ်တိုက်တဲ့ Silicon ရည်နဲ့ နောက်ဆုံးကုန်ကုန်ပြောရရင် အမျိုးသမီးတွေ ရင်သားလှပအောင်ထည့်တဲ့ Silicon ဆိုပြီး အမျိုးမျိုးရှိပါတယ်။ Silicon ပါရင် ဘူးပေါ်မှာ Dimethicone or Cyclomethicone လို့ ရေးထားပါလိမ့်မယ်။ Silicon ဟာ ဆံပင်တစ်မျှင်ခြင်းစီ ပေါ်မှာ အလွှာပါးပါးလေးအဖြစ်နဲ့ရှိနေတဲ့အတွက် ဆံပင်အုံကို ပိုထူလာစေပါတယ်။ အဆီများပြီး စေးကပ်နေတာမျိုးလည်း မရှိပါဘူး။ ရေဆေးချပြီးရင်တောင်မှ Silicon အလွှာက ဆံပင်သားပေါ်မှာ ဆက်ပြီးရှိနေတဲ့အတွက် သင့်ဆံပင်ကို အုံ ပိုကောင်းတယ်လို့ ထင်ရစေမှာပါ။

၂။ ဆံနွယ်လေးများ သန်စွမ်းနက်မှောင်လှပစေရန် ငါးစားပါ။ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ မြေပဲနဲ့ သစ်ချသီးများစားပေးပါ။

အဲဒီအစားအစာတွေက သင့်ဆံပင်ကို ပိုမိုကျန်းမာစေပြီး ဆံပင်ပြတ်တာ၊ ကျွတ်တာမျိုးကို ကာကွယ်ပေးပါတယ်။ ပရိုတင်းဓာတ်နဲ့ အိုမီဂါသရီးဓာတ် (Omega-3 Fatty Acid)တွေ အပြည့်အ၀ပါဝင်တဲ့အတွက် ဦးရေပြားကိုလည်း အား ကောင်းစေပါတယ်။ အရွက်စိမ်းစိမ်းတွေဖြစ်တဲ့ ကိုက်လန်၊ ကန်စွန်း၊ ဟင်းနုနယ်တွေ၊ ပဲမျိုးစုံနဲ့ မုန်လာဥနီတွေမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကလည်း ဆံပင်တွေအတွက် ကောင်းမွန်ပါတယ်။ သတိထားရမှာကတော့ တစ်ခါတလေ ပိန်ချင်ဇောနဲ့ အစား အရမ်းရှောင်တာမျိုးပါ။ သွပ်ဓာတ် (Zinc)၊ ဗီတာမင်နဲ့ ပရိုတင်းဓာတ်ချို့တဲ့ရင် ဆံပင်တွေ မတရားကျွတ်တာ၊ ပါးပြီး ကျွတ်ဆတ်တာတွေ ဖြစ်လာပါလိမ့်မယ်။

၃။ ဆံနွယ်လေးတွေ တောက်ပြောင်လင်းလက်နေအောင် ကြက်သီးနွေး ရေနွေးလေးကိုပဲသုံးပါ။

တစ်ခါတလေ ရာသီဥတုအေးတာကြောင့် ဒါမှမဟုတ် ရေနွေးသုံးရင် ဆံပင်ပျော့ဆေး မြန်မြန်စင်တယ်ဆိုတဲ့ အယူအဆ ကြောင့် ရေနွေးနဲ့ခေါင်းလျှော်လေ့ရှိကြပါတယ်။ လူတွေရဲ့ဦးရေပြားကထွက်တဲ့အဆီတစ်မျိုးက ဆံပင်ကို သဘာဝအလျောက် နူးညံ့ပျော့ပြောင်းစေပြီး တောက်ပနေစေပါတယ်။ ရေနွေးသုံးစွဲခြင်းကြောင့် ဦးရေပြားမှာ သဘာဝအဆီဓာတ်ကို ခန်းခြောက်သွားစေပြီး မွဲခြောက်ခြောက်နဲ့ ကြည့်လိုက်တာနဲ့ မကောင်းမှန်း သိသာတဲ့ ဆံပင်မျိုး ဖြစ်သွားစေပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရင် ကြက်သီးနွေး ရေနွေးလေးကိုပဲ သုံးပါ။ ပြီးရင် ခေါင်းလျှော်တိုင်းမှာ ဦးရေပြားကို လက်ထိပ်လေးတွေနဲ့ ညင်သာစွာ နှိပ်နယ်ပေးခြင်းဖြင့် သဘာဝအဆီ ထွက်လာပါလိမ့်မယ်။

၎။ အဖျားနှစ်ခွကွဲနေတဲ့ ဆံပင်ကို ပရိုတင်းသုံးပြီး ပြန်ကောင်းအောင် လုပ်ပါ။

ဆံပင်တစ်ချောင်းမှာ အလွှာတွေအများကြီးရှိတဲ့အထဲက အပေါ်ဆုံးကနေ ကာကွယ်ပေးနေတဲ့အလွှာကို Cuticle လို့ ခေါ်ပါတယ်။ လှချင်စိတ်နဲ့ ဆံပင်ကို ခဏခဏ ပုံစံပြောင်းတဲ့အခါ ဖြောင့်စက်ရဲ့ အပူဒဏ်၊ အရောင်ချွတ် ဆေးရဲ့ဒဏ်၊ ဆိုးဆေးမှာပါတဲ့ ဓာတုဗေဒပစ္စည်းရဲ့ဒဏ်ကို ဆံပင်က လှိမ့်ပိန့်ခံရလေ့ရှိပါတယ်။ အခံရဆုံးကတော့ အပေါ်ဆုံးမှာရှိတဲ့ Cuticle လွှာလေးပါပဲ။ အဲဒီအလွှာလေး ပျက်စီးသွားတာကို နှစ်ခွဖြစ်တယ်လို့ ခေါ်ကြတာပေါ့။ ဒါပေမယ့် ၀မ်းသာစရာ ကောင်းတဲ့ အချက်က ပရိုတင်းဓာတ်ပါတဲ့ ခေါင်းလျှော်ရည်တွေ၊ ဆံပင်ပျော့ဆေးတွေကို တီထွင်ထုတ်လုပ်ထားတာပါ။ ပရိုတင်းဓာတ်က ဆံသားတွေထဲထိ ထိုးဖောက်ဝင်ရောက်ပြီး နှစ်ခွကွဲနေတာကို နောက်တစ်ခါ ခေါင်းမလျှော်ခင်အထိ ပြန်လည်ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် မှန်မှန်သုံးပေးဖို့တော့ လိုပါတယ်။

၅။ ဗောက်ပျောက်အောင် ဆီနဲ့မပွတ်ပါနဲ့။

ဦးရေပြားမှာ စွဲကပ်တဲ့ မှိုတစ်မျိုးကြောင့် ဦးရေပြားရောင်ယမ်းပြီး ဗောက်တွေဖြစ်ရတာပါ။ ဒါပေမယ့် တချို့က ဗောက် ကိုဦးရေပြားခြောက်လာလို့ ဖြစ်တာလို့ထင်တတ်ကြပါတယ်။ ဗောက်ပျောက်အောင်လို့ အဆီနဲ့ဦးရေပြားကို ပွတ်ပြီးလိမ်းတာ က ဦးရေပြားရောင်ယမ်းတာကို ပိုဆိုးစေပြီး အဖြူဖတ်တွေ ပိုကွာလာပါတယ်။ ဒါ့ကြောင့် ဗောက်ပျောက်ချင်ရင် မှိုသတ်ဆေး ပါဝင်တဲ့ Hacneal လို ခေါင်းလျှော်ရည်မျိုးကို သုံးပါ။ ဒါမှမဟုတ် အရေပြားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဆရာဝန် ညွှန်ကြားတဲ့ ပိုးသတ်ဆေးကို သုံးပါ။ သတိထားရမှာက အဲဒီခေါင်းလျှော်ရည်သုံးပြီးတိုင်း သေချာပြောင်အောင် ဆေးဖို့ပါ။


၆။ အပူအရမ်းပြင်းတဲ့ Hair Dryer တွေ မသုံးပါနဲ့။

အပူရှိန်ပိုပြင်းတဲ့ Dryer တွေကိုသုံးရင် ဆံပင်အခြောက်ခံဖို့ ပေးရတဲ့ အချိန်နည်းသွားမယ်လို့ သင်ထင်မိနေပါလိမ့်မယ်။ ဒါပေမယ့် Dryer တွေကို နှိုင်းယှဉ်လေ့လာချက်အရ ဆံပင်ကို ခြောက်သွေ့သွားဖို့ လိုအပ်တဲ့ အချိန်ဟာ Dryer အမျိုးအစား အကုန်လုံးအတွက် အတူတူလောက်ပဲကျပါတယ်။ မတူတာက တချို့ Dryer တွေက အသံပိုဆူညံတာပဲရှိပါတယ်။ ဒါကြောင့် Dryer ကို ၀ပ်အားနည်းနည်းပဲ လိုမယ့်အမျိုးအစားကို ရွေးသုံးပါ။ (၁၅၀၀) ၀ပ်လောက်က အတော်ပါပဲ။ ပြီးတော့ Dryer တွေ ခဏခဏ မှုတ်ပြန်ရင်လည်း ဆံပင်ကျွတ်နှုန်းများလာပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ သဘာဝ လေနဲ့ပဲ အခြောက်ခံပြီး Dryer သုံးတဲ့အခါမှာလည်း မီးအေးအေးနဲ့ပဲ မှုတ်ပါ။

၇။ ဆံပင်ကျွတ်သက်သာအောင် ခေါင်းခဏခဏမဖြီးပါနဲ့။

ဆံပင်ကျွတ်တယ်ဆိုတာ ဆက်မရှည်လာတော့ဘဲ သက်တမ်းကုန်သွားတဲ့ ဆံပင်တွေ ကျွတ်ကုန်တာပါ။ ပုံမှန်ဆိုရင် တစ်နေ့ကို ဆံပင်အချောင်း (၅၀)ကနေ (၁၀၀)လောက် ကျွတ်တတ်ကြပါတယ်။ ခေါင်းခဏခဏ ဖြီးလွန်းရင်တော့ ဆံပင်တွေ ပိုပြတ်၊ ပိုကျွတ်တတ်ပါတယ်။ လူတွေပြောပြောနေတဲ့ တစ်နေ့ကို ခေါင်းအချက် (၁၀၀) ဖြီးပါဆိုတာကို မယုံပါနဲ့။ ဆံပင်ကျွတ် ပိုသက်သာအောင်လို့ ထိပ်မှာဘုသီးသေးသေးလေးတွေပါတဲ့ ၀က်မှင်ဘီးကိုသုံးပါ။ ပြီးတော့ ဆံပင်ရေစိုနေတုန်း ခေါင်းမဖြီး ပါနဲ့။

၈။ ဆံပင်တွေ ပျက်စီးစေတဲ့ ဆံပင်စတိုင်လ်တွေကို အတတ်နိုင်ဆုံး ရှောင်ပါ။

ဆံပင်ကို နောက်လှန်ဖြီး မြင့်မြင့်စီးခြင်းနဲ့ ကျစ်ဆံမြီးကျစ်ခြင်းတွေက ဆံပင်တွေကို ပြတ်စေပြီး ဆံပင်အမြစ်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ စီးတာကြာလာရင် ဆံပင်ကို ဆောင့်ဆွဲနေသလိုဖြစ်ပြီး ပိုကျွတ်စေပါတယ်။ ဒီနေ့ခေတ်မှာ အရမ်း ခေတ်စားလာတဲ့ Hair Extension ခေါ် ဆံပင်တု တပ်တာကလည်း ဤနည်းလည်းကောင်းပါပဲ။ ဆံပင်ထွက်လာတဲ့ မွေးညှင်း ပေါက်လေးတွေကို ဒဏ်ဖြစ်စေပါတယ်။ အရေပြားဆရာဝန်တွေက ဆံပင်တုကို (၃)လထက် ပိုမတပ်သင့်ဘူးလို့ အကြံပေး ထားပါတယ်။ ပြီးတော့ ရေစိုဆံပင်ဟာ အရမ်းကို ပျက်စီးလွယ်တဲ့အတွက် ဆံပင်စိုကို ပိုနီတေးစီးတာ၊ ကျစ်ဆံမြီးကျစ်တာ ဘယ်တော့မှ မလုပ်ပါနဲ့။

၉။ Brand... Brand... Brand

တစ်လတာ အသုံးစရိတ်တွေ မြင့်တက်စေတဲ့ အကြောင်းအရင်းတွေထဲမှာ Brand ကိုမှ သုံးချင်တာလဲ ပါပါတယ်။ ဈေး ကြီးတဲ့ Branded ပစ္စည်းတွေမှာ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ ပါနေနိုင်ပါတယ်။ ဒါပေမယ့် သင့်ဆံပင်ကိုတော့ ပိုပြီး စတိုင်ကျကျ လှပလာစေမှာ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှာရှိတဲ့ စားသုံးသူစစ်တမ်းအဖွဲ့က မိန်းကလေး (၁၇၀၀)ဦးကို ခေါင်းလျှော်ရည် အမျိုးမျိုးသုံးစေပြီး ပြန်စန်းစစ်ကြည့်တဲ့အခါ ဈေးကြီးတဲ့ ခေါင်းလျှော်ရည်တွေရဲ့ စွမ်းဆောင်နိုင်မှုက ဈေးပေါ တဲ့ ခေါင်းလျှော်ရည်တွေနဲ့ ဘာမှမကွာခြားပါဘူး။
အဲဒါဆို ဘယ်လိုအမျိုးအစားကို ရွေးသုံးသင့်ပါသလဲ။ သင့်ဆံပင်နဲ့ အဆင်ပြေဆုံး ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးကိုသာ ရွေးပါ။ အဆီများတဲ့ ဆံပင်လား၊ ပါးတဲ့ဆံပင်လား၊ ဆေးဆိုးထားတဲ့ ဆံပင်လား ဆိုတာတွေကို အခြေခံပြီး ရွေးပါ။

၁၀။ ဆံပင်ဖြူတွေ ဆေးဆိုးတဲ့အခါ အားပျော့တဲ့ဆိုးဆေးတွေကိုပဲ သုံးပါ။

အသက်ကြီးလာတဲ့အခါ ဆံပင်ဖြူလာရုံသာမက အားပိုနည်းပြီး အရှည်နှုန်းလဲ နှေးကွေးလာပါတယ်။ အဲဒီတော့ ငယ်ရွယ်စဉ်တုန်းကလို ဆံပင်သားပျက်စီးသွားတဲ့အခါ ညှပ်ထုတ်ပစ်လို့လဲ မရတော့ပါဘူး။ ဒါကြောင့် ဆံပင်ဖြူတွေ ဆေးဆိုး မယ်ဆိုရင် ဓာတုဗေဒ အပျော့စားတွေသာ ပါဝင်တဲ့ ဆိုးဆေးကိုပဲ သုံးသင့်ပါတယ်။

၁၁။ ဆောင်းရာသီမှာ ဆံပင်တွေ မွဲခြောက်ကာ လေထဲမှာ ပျံဝဲမနေအောင် ပျော့ဆေးမှန်မှန် သုံးပေးပါ။

စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုကြောင့် ဆံပင်မွဲခြောက်ကြွပ်ရွပြီး ကောက်လာတတ်ပါတယ်။ စိုထိုင်းဆနည်းရင်တော့ ဆံပင်မှာ လျှပ်စစ်စီးမှု ပိုများပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ၊ အရမ်းပူပြီး ခြောက်သွေ့တဲ့အချိန်တွေမှာ ဆံပင်တွေ လျှပ်ကူးနှုန်းမြင့်ပြီး ခေါင်းဖြီးလိုက်တိုင်း လေထဲမှာ ပျံဝဲနေတာပေါ့။ ဒီလိုမဖြစ်ချင်ရင် အဲဒီအချိန်တွေမှာ ဆံပင်ပျော့ဆေး မှန်မှန်သုံးပေးပါ။ ဓာတုဗေဒပစ္စည်းတွေနဲ့ ထိတွေ့ဖန်များလို့ ရာသီမရွေး မွဲခြောက်ခြောက်ဖြစ်နေတဲ့ ဆံပင်တွေအတွက်တော့ PH ပမာဏကို ထိန်းညှိပေးနိုင်မယ့် ခေါင်းလျှော်ရည်တွေက အသုံးတည့်ပါတယ်။

၁၂။ ဆံပင်ကောက်ထားရင် ဘရပ်ရှ်ဘီးတွေနဲ့ မဖြီးပါနဲ့။
ကောက်ထားတဲ့ ဆံပင်တွေဟာ ပုံမှန်ဆံပင်တွေထက် ပိုပြီးတော့ ခြောက်သွေ့လွယ်ပြီး ပြတ်လွယ်ပါတယ်။ ဒါကြောင့် ဘရပ်ရှ်ဘီးတွေနဲ့ အသွားစိပ်စိပ်ဘီးတွေနဲ့ ဖြီးမယ့်အစား လက်ချောင်းတွေနဲ့ပဲဆွဲချပြီး ဖြီးပေးပါ။ ဆံပင်ကောက်ထားတဲ့ သူတွေ ဆံပင်ပျော့ဆေးသုံးမယ်ဆိုရင် ဘူးပေါ်မှာ Polyvinylpyrolidone ဆိုတဲ့ စာတမ်းပါမပါ ဖတ်ကြည့်ပြီးမှ ၀ယ်ပါ။ အဖြောင့်သမားတွေကလည်း နေ့စဉ်ဖြောင့်စက်သုံးပြီး ဖြောင့်နေတာမျိုး၊ ခဏခဏ စက်ဆွဲတာမျိုး မလုပ်သင့်ပါဘူး။

၁၃။ ဆံကေသာတွေကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါ။

နေရောင်ခြည်က အသားအရေကို ထိခိုက်စေသလို ဆံပင်ကိုလည်း အလွတ်မပေးပါဘူး။ နေပူထဲထွက်ရဖန်များရင် ဆံပင်တွေ မွဲခြောက်ခြောက် ဖြစ်လာပါလိမ့်မယ်။ အရောင်ဆိုးထားတဲ့ဆံပင်ဆိုရင် ပိုတောင် ဆိုးပါသေးတယ်။ ဒါကြောင့် SPF ပါဝင်တဲ့ ဆံပင်ဖြန်း စပရေးကို ၀ယ်ပါ။ ဒါမှမဟုတ် ဦးထုပ်/ထီး ဆောင်းထားပါ။ နွေရာသီမှာ ဆံပင်အောက်ဖျားကို တိပေးရင် ပိုပြီးကျန်းမာလတ်ဆတ်တဲ့အသွင် ပေါက်လာစေပါတယ်။

၁၄။ ရေမကူးခင် ခေါင်းလျှော်ပါ။

ရေကူးပြီးရင် ခေါင်းလျှော်ရမယ်ဆိုတာကို လူတိုင်းသိနားလည်ကြပါတယ်။ ရေမကူးခင်မှာလည်း ခေါင်းလျှော်ပေးခြင်း အားဖြင့် ရေကူးကန်ထဲမှာ မထည့်မဖြစ်ထည့်ရတဲ့ ကလိုရင်းကြောင့် ဆံပင်သား ပျက်စီးတာကို ကာကွယ်နိုင်ပါလိမ့်မယ်။ တကယ်လို့ ခေါင်းလျှော်ဖို့ အချိန်မပေးနိုင်ရင် ဆံပင်ကို ရေ၀အောင် လောင်းချလိုက်ပါ။ ဆံပင်သားက ရေဓာတ်ပြည့်ဝနေရင် ရေကူးကန်ထဲက ကလိုရင်းဓာတ်ကို မစုပ်ယူနိုင်တော့ပါဘူး။ ရေကူးပြီးလို့လျှော်တဲ့အခါမှာလည်း PH မျှခြေကို ထိန်းညှိပေးတဲ့ ခေါင်းလျှော်ရည်ဘူးကို ရွေးလျှော်ပါ။

၁၅။ ဆံပင်ကို ဘာမှမလုပ်ဘဲ ခဏလောက် အနားပေးပါ။

ကျန်းမာသန်စွမ်းလှပတဲ့ ဆံပင်တွေဖြစ်စေဖို့ အကောင်းဆုံးလုပ်ပေးနိုင်တဲ့ အရာကတော့ ဘာမှမလုပ်ပါနဲ့။ ခေါင်းဖြီး လွန်းတာ၊ Dryer မှုတ်တာ၊ ဆေးဆိုးတာ၊ ဖြောင့်/ကောက်တာ အကုန်လုံးက ဆံပင်တွေကို ပျက်စီးစေပါတယ်။ ကုန်ကုန် ပြောရရင် မျက်နှာသုတ်ပ၀ါနဲ့ ကြမ်းကြမ်းသုတ်တာတောင်မှ ဆံပင်ဖွာစေပါတယ်။ ဒါကြောင့် သင့်စိတ်ထဲမှာ သင့်ဆံပင်တွေ ပျက်စီးနေပြီလို့ထင်ရင် ဆံပင်ကို ဘာမှမလုပ်ဘဲ ခဏအနားပေးလိုက်ပါ။ ပျက်စီးနေတဲ့ ဆံပင်တွေ ကျွတ်ကျသွားရင် ကျန်းမာ သန်စွမ်းတဲ့ ဆံပင်တွေ ပြန်ပေါက်လာပါလိမ့်မယ်။

၁၆။ ဆံကေသာရဲ့ပြောင်းလဲမှုတွေကို အမြဲတမ်း ဆန်းစစ်ပါ။

ဆံကေသာအရင်နဲ့ မတူဘဲ ပြောင်းလဲလာရင် (ဥပမာ-ဆံပင်တွေ ကြွပ်ဆတ်လာရင်၊ ရုတ်တရက်အရမ်းကျွတ်လာရင်) ကျန်းမာရေးပြဿနာ တစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ရောဂါ၊ သံဓာတ်ချို့တဲ့ခြင်းနဲ့ တချို့သောဆေးဝါးတွေက ဆံပင် ကျွတ်စေပါတယ်။ တကယ်လို့ ဆံပင်က ရုတ်တရက် ပြောင်းလဲလာတယ်လို့ သင်ထင်ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပေးပါ။
ခင်ကံ့ကော်
 Ref credit>>>နိုဝင်ဘာလထုတ်ကျန်းမာရေးမဂ္ဂဇင်းမှ

တုပ်ကွေးကွေးတဲ့အခါဘယ်လိုစားသောက်ကြမလဲ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 1:25pm 


တုပ်ကွေးဖြစ်စေတဲ့ Influenza ဆိုတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ ဆောင်းရာသီနဲ့ မိုးရာသီတွေမှာ ပိုပြီး ထကြွသောင်းကျန်း တတ်လို့ အဲဒီရာသီတွေမှာ လူတွေက နှာရည်တရွှဲရွှဲ၊ ကိုယ်လက်ကိုက်ခဲပြီး ချမ်းစိမ့်စိမ့် တုပ်ကွေးမိတတ်ကြပါတယ်။ ချောင်း ကဆိုး၊ လည်ချောင်းကနာ၊ တစ်ကိုယ်လုံးနုံးချိပြီး ဘာမှမလုပ်ချင်၊ မကိုင်ချင်ဘဲ အိပ်ရာထဲမှာပဲ ခွေနေချင်စိတ်ပေါက်လာတတ် ကြပါတယ်။ 

ရိုးရိုးအအေးမိတာနဲ့ ရောဂါလက္ခဏာ အရမ်းဆင်တူတဲ့ တုပ်ကွေးက တစ်ခါတလေ ဆေးရုံတက်ရတဲ့အထိ ပြင်း ထန်ပြီး အဆုတ်ရောင်တဲ့ဘက်ကိုလည်း ကူးသွားနိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေမှာ၊ ဘိုးဘိုးဘွားဘွားတို့မှာ၊ ရောဂါအခံတစ်ခုခုရှိတဲ့သူတွေမှာ တုပ်ကွေးဖြစ်ရင်လည်း ပိုပြီးစိုးရိမ်ရတတ်ပါတယ်။ တုပ်ကွေးရောဂါ က ဖြစ်စေနိုင်တဲ့ Influenza ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးကပေါ်နေပြီဆိုပေမယ့် တုပ်ကွေးပိုးက သူ့ရဲ့ မျိုးရိုးဗီဇကို တစ်ချိန်လုံး ပြောင်းလဲနေတတ်လို့ ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် မှန်မှန်ထိုးပေးဖို့တော့လိုပါတယ်။

တုပ်ကွေးကိုကုရင် မဖြစ်မနေ လိုအပ်တာက အရည်များများသောက် ပေးဖို့ပါပဲ။ ပြီးတော့ အနားယူရပါမယ်။ အလုပ်ကို မသွားလို့မဖြစ်တဲ့ အခြေအနေဆိုရင်လည်း နှာချေ၊ ချောင်းဆိုးရင် တစ်ရှူးလေးနဲ့တော့ အုပ်ထားမှဖြစ်ပါမယ်။ နို့မဟုတ်ရင် တုပ်ကွေးပိုးက လေထုထဲကနေ (နှာချေတဲ့အခါ ထွက်တဲ့အချွဲရည်အစက်တွေကနေ) ကူးနိုင်လို့ပါ။ ပြီတော့ တုပ်ကွေးရာသီ တွေမှာ လက်ကို မကြာခဏ ဆပ်ပြာနဲ့ သေသေချာချာဆေးပေးပါ။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို လက်မဆေးဘဲ ကိုင်မိရင် လက်မှာကပ်နေတဲ့ တုပ်ကွေးပိုးက ပျော်ပျော်ပါးပါးကြီး ခန္ဓာကိုယ်ထဲကို ၀င်သွားပါလိမ့်မယ်။
ကဲ ... တုပ်ကွေးအကြောင်း အကြမ်းဖျင်းသိသွားပြီပေါ့။ တကယ်လို့များ တုပ်ကွေးဖြစ်ခဲ့ရင် ငြီးငွေ့စရာ ဆန်ပြုတ်၊ မြူစွမ်ပြုတ်၊ ကြက်သားပြုတ်ကြော်၊ ကြက်ဥပြုတ်တွေအစား တုပ်ကွေးအတွက် ကောင်းမွန်အဆင်ပြေတဲ့၊ စားကောင်းပြီး အရသာရှိတဲ့ အစားအသောက်တွေကို တန်းစီဖော်ပြပေးလိုက်ပါတယ်။

ရေခဲချောင်း

ရေခဲချောင်းစားပြီးရင် လည်ချောင်းနာတာ၊ အာခေါင်ခြောက်တာ သက်သာပါတယ်။ တုပ်ကွေးရောဂါ ပျောက်ကင်းဖို့ အတွက် အဓိကသော့ချက်ဖြစ်တဲ့ ရေဓာတ်ပြည့်ဝစေရေးဆိုတာနဲ့လည်း ကိုက်ညီပါတယ်။ ရေဓာတ် လုံလုံလောက်လောက် ရှိနေမှ ခန္ဓာကိုယ်ကထွက်တဲ့ အချွဲရည်တွေ (ဥပမာ နှာရည်၊ သလိပ်တွေ)က စေးကပ်ပျစ်မနေတော့ဘဲ ကျဲလာတာပါ။ ဒါကြောင့် ရေဓာတ်လုံလောက်နေရင် နှာပိတ်တာ သက်သာပါတယ်။ အကောင်းဆုံးကတော့ သစ်သီးရည် ၁၀၀%ပါတဲ့ ရေခဲချောင်းတွေကိုပဲ ရွေးစားပါ။ နို့မဟုတ်ရင် အာဟာရဓာတ်တွေအစား သကြားရည်တွေ စားမိနေသလို ဖြစ်နေပါလိမ့်မယ်။ ပန်းသီး၊ စပျစ်သီးနဲ့ စတော်ဘယ်ရီ ရေခဲချောင်းတွေက အရသာလဲရှိ၊ တုပ်ကွေးအတွက်လည်း ထိရောက်ပါတယ်။

ကြက်ဆင်သားဆင်းဒ၀စ်(ခ်ျ)

စိတ်မကောင်းစရာ ကောင်းတာကတော့ မြန်မာပြည်မှာ ကြက်ဆင်သားက အမြဲတမ်း အလွယ်တကူ မရနိုင်ပါဘူး။ ဒါပေမယ့် နိုင်ငံရပ်ခြားရောက်နေတုန်း မတော်တဆ တုပ်ကွေးဖြစ်ခဲ့မယ်ဆိုရင် ၀ယ်စားလို့ရအောင် ထည့်ပြီး ဖော်ပြပေးလိုက် ပါတယ်။ ကြက်ဆင်သားက အဆီနည်းပြီး ပရိုတင်းဓာတ်အပြည့်ပါတဲ့အစာပါ။ တုပ်ကွေးမိနေချိန် ကြက်ဆင်သားစားပြီးရင် အားအင်ပြည့်ဝလာပြီး တုပ်ကွေး မြန်မြန်သက်သာစေပါတယ်။

အသီးအရွက်

တုပ်ကွေးမိနေတဲ့အချိန်မှာ အသီးအရွက်တွေက ကောင်းမွန်သင့်တော်တယ်ဆိုပေမယ့် သုပ်စား၊ ကြော်စား၊ ချက်စား ရတာ ငြီးငွေ့တယ်ဆိုရင် ဖျော်ရည် ဖျော်သောက်ကြည့်ပါ။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ရရှိသလို ရေဓာတ်လည်း ပြည့်ဝပါတယ်။ အချို၊ အငန်တွေထည့်ဖို့ မစဉ်းစားဘဲ ၁၀၀% အသီးအရသာ အပြည့်နဲ့ ဖျော်ရည်ကိုပဲ သောက်ပေးပါ။

ကြက်စွပ်ပြုတ်

မရိုးနိုင်တဲ့ တုပ်ကွေးစာပါ။ အားပြည့်စေတယ်။ ရေဓာတ်ပြည့်ဝစေတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေ အရ ကြက်စွပ်ပြုတ်မှာ မြန်မြန်နာလန်ထူစေတဲ့ အစွမ်းနဲ့ နာကျင်ရောင်ယမ်းမှုတွေကို အတော်အတန် လျော့ပါးစေတဲ့ သတိ္တရှိ ပါတယ်။ လူတွေရဲ့နှာခေါင်းထဲမှာ Cilia လို့ခေါ်တဲ့ ဆံပင်မျှင်မျှင်ကလေးတွေနဲ့တူတဲ့ အစိတ်အပိုင်းတွေရှိနေပါတယ်။ အသက် ရှူတဲ့အခါ နှာခေါင်းပေါက်ကတဆင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ မ၀င်နိုင်အောင် Cilia တွေက ကာကွယ်ပေးပါတယ်။ ကြက်စွပ်ပြုတ်က အဲဒီ Cilia တွေရဲ့ အရည်အသွေးကို ပိုမိုမြင့်မားကောင်းမွန်စေပါတယ်။

ကြက်သွန်ဖြူ

တုပ်ကွေးမိတဲ့အခါ တခြားဟင်းခတ်အမွှေးအကြိုင်တွေအစား ကြက်သွန်ဖြူကို ရွေးပါ။ စွပ်ပြုတ်နဲ့ ကြက်သွန်ဖြူ သိပ်လိုက်ဖက်ပါတယ်။ ကြက်သွန်ဖြူမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ခိုက်နိုင်တဲ့ သတ်္တိနဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လှုံ့ဆော်အားပေးတဲ့ သတိ္တတွေ ရှိပါတယ်။ ပြီးတော့ ကြက်သွန်ဖြူစားရင် နှာပိတ်တာလည်း ယာယီ သက်သာစေပါတယ်။

ချင်း

အစာအိမ်အောင့်နေပြီလား။ ပျို့အန်ချင်စိတ် ပေါက်နေတာလား။ အိမ်တိုင်းမှာရှိတဲ့ ချင်းက အဲဒီဝေဒနာတွေကို သက်သာစေပါတယ်။ တုပ်ကွေးမိနေတုန်း ချင်းကိုပါးပါးလှီးပြီး (ဒါမှမဟုတ်) ထောင်းကာ အရည်ညှစ်ပြီး ဟင်းထဲ ထည့်ချက် စားနိုင်ပါတယ်။ ရေနွေးပူပူကို ပါးပါးလှီးထားတဲ့ ချင်းဖတ်လေးတွေ ခတ်သောက်ပေးတာကလည်း အရသာကောင်းပါတယ်။

ရေနွေးကြမ်း

မြန်မာရေနွေးကြမ်း၊ တရုတ်ရေနွေးကြမ်းနဲ့ Green Tea စတဲ့ ရေနွေးကြမ်းအကုန်လုံးမှာ ရောဂါကို တိုက်ဖျက်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါပါတယ်။ ရေနွေးငွေ့ပူပူကို ရှူပေးရင်လည်း နှာပိတ်တာ သက်သာပါတယ်။ ရေနွေးပူပူထဲမှာ ပျားရည်တစ်ဇွန်းနဲ့ သံပရာရည်တစ်စိတ် ညှစ်ထည့်သောက်ပေးရင် လည်ချောင်းနာနေတာ သက်သာသွားပါလိမ့်မယ်။

ငှက်ပျောသီး

ငှက်ပျောသီးက အစာခြေရလွယ်ပါတယ်။ ကလေးတွေ တုပ်ကွေးမိရင်ဖြစ်တတ်တဲ့ ပျို့တာ၊ အန်တာ၊ ၀မ်းအရည်သွား တာတွေဖြစ်ရင် ငှက်ပျောသီးက တကယ်သင့်တော်တဲ့ အစာပါ။ အရည်ပဲ သောက်နေရတဲ့ လူနာတွေ၊ အစာပျော့ပျော့ပဲ စားနေရတဲ့ လူနာတွေ အဖတ်စ,စားရတော့ မယ်ဆိုရင် ဆရာဝန်က ငှက်ပျောသီးနဲ့ပဲ စ,လေ့ရှိပါတယ်။

ပေါင်မုန့်မီးကင်

ပေါင်မုန့်မီးကင်နဲ့ ခရက်ကာမုန့်ကြွပ်ကလည်း တုပ်ကွေးကို တိုက်ဖျက်ရာမှာ သင့်တော်တဲ့ အစားအစာပါပဲ။ ကြက်သား ခေါက်ဆွဲပြုတ်နဲ့ တွဲစားမယ်ဆိုရင် အာဟာရလည်းပြည့်ဝသလို အစာအများကြီး တနင့်တပိုး စားလို့မရတဲ့ အချိန်မှာ ကျေလွယ်ညက်လွယ် အစာဖြစ်စေပါတယ်။
“ကျန်းမာရေး”ရဲ့ ချစ်ပရိသတ်ကြီးလည်း မပြောကောင်း၊ မဆိုကောင်း တုပ်ကွေးလေးများကွေးတဲ့အခါ မစားချင်၊ မသောက်ချင် ခံတွင်းပျက်နေရင် ဒီအစားအစာလေးတွေ စားပေးပြီး အမြန်ဆုံးနေပြန်ကောင်းကြပါစေနော်။
ရွှေဘုတ်
Ref credit>>>စက်တင်ဘာလထုတ်ကျန်းမာရေးမဂ္ဂဇင်းမှ